“မိုးစက်တင်လေ နှင့် နိုးကျက်သရေ”

Share |
သောကဝေ ဒုက္ခမိုးရေတွေ…..
မထိခိုက်အောင် ကာဆီးခဲ့သူရေ….
အမည်ပေးလိုက်ချင်တယ်မေ……….
မိုးစက်တင်လေ…………


လွှမ်းမိုးရဲ့ “မိုးစက်တင်လေ” သီချင်းလေး ပါးစပ်ထဲရောက်လာတာကို ဆိုညည်းရင်း မြန်မာ့ရုပ်မြင်သံကြားမှာ ဟိုတုန်းက ပြသလေ့ရှိသော သီချင်းသရုပ်ဖော်ပြကွက်ကလေးကိုပါ တဆက်တည်း မြင်ယောင်မိသည်။ စက်တင်ဘာမိုးသည်းထဲမှာ လွှမ်းမိုးကို မိုးရေမစိုအောင် မိန်းမချောလေးတယောက်က ထီးဆောင်းပေးနေသည့် ပြကွက်ကလေး။

သြော်…… သီချင်းစာသားလေးထဲက လွှမ်းမိုးရဲ့ချစ်သူကောင်မလေးကလည်း ကြင်နာတတ်ရဲ့။ ပြကွက်ထဲက မိန်းမချောလေးကလည်း ကြင်နာတတ်ရဲ့။ ကြည်နူးစရာကောင်းလှပါတကား။

ဒါပေမယ့် အဲသည်စက်တင်ဘာလမှာဘဲ သောကဝေ ဒုက္ခမိုးရေတွေကနေ မထိခိုက်အောင် ကာဆီးပေးရမယ့်အစား သောကဝေ ဒုက္ခမိုးရေတွေကိုဘဲ ပြည်သူတွေအပေါ် စေတနာဗလပွနဲ့ ပက်ဖြန်းပေးခဲ့တဲ့ နအဖ ဆိုတဲ့ ချစ်စရာလူတသိုက်အကြောင်းကို သွားစဉ်းစားမိတော့ ကျနော့်ရင်ထဲက ကြည်နူးစိတ်ကလေး လွင့်ပြယ်သွားသည်။

ပြီးခဲ့သော စက်တင်ဘာလ ၁၈ ရက်နေ့က နအဖ စစ်အစိုးရ စစ်အာဏာသိမ်းတာ အနှစ် ၂၀ တင်းတင်းပြည့်တဲ့နေ့။ စစ်အာဏာသိမ်းစဉ်က ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို ရက်ရက်စက်စက် ပစ်သတ်ခဲ့သလို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်းမှာလည်း ရဟန်းရှင်လူတွေကို ရက်ရက်စက်စက် ရိုက်နှက်ပစ်သတ်ခဲ့ပြန်သည်။

ဒါတင်မက။ အနှစ် ၂၀ လုံးလုံး ပြည်သူတွေကို နည်းမျိုးစုံနှင့် ပရိဒေ၀သောကမီးတောက်လောင်နေအောင်၊ ဒုက္ခပင်လယ်ဝေနေအောင် “သောကဝေ ဒုက္ခမိုးရေတွေ” အငြိုးတကြီးနဲ့ သည်းကြီးမဲကြီး ပက်ဖြန်းပေးနေတဲ့ ကျက်သရေတုံး နအဖ စစ်အစိုးရကိုလည်း…
အမည်ပေးလိုက်ချင်တယ်လေ….
“နိုးကျက်သရေ”
ခက်ဆစ်။ ။ နိုးကျက်သရေ = No ကျက်သရေ = ကျက်သရေမရှိ။

7 comments:

Moe Cho Thinn said...

ဟားဟားဟား။ ဟုတ်ပ ဟုတ်ပ။
နိုး ကျက်သရေ တဲ့။ မှန်လိုက်လေ..

Anonymous said...

good post brother..

Anonymous said...

ကျနော်က “မိုးစက်တင်လေ” ကို မိုးစက်လေးတွေထဲမှာပါလာတဲ့ လေ လို့ ဆိုလိုတယ်ထင်နေတာ။ အခုမှ ဒီလိုမျိုးအဓိပာယ်မှန်းသိတယ်။

လင်းလက်ကြယ်စင် said...

ကိုပေါရေ TAG ထားတယ်နော် :)

Myo Win Zaw said...

ကောင်းလိုက်တဲ့ နိုးကျက်သရေ

တန်ခူး said...

ကိုပေါရေ… အိမ်အသစ်လေးက ငြိမ်းချမ်းလိုက်တာ… နောက်ခံအရောင်လေးကလဲ မျက်စိပိုအေးသွားတယ်… တကောင်ထဲပေမယ့် ဦးတည်ရာကို ရဲရဲရင့်ရင့် ပျံသန်းနေတဲ့ ငှက်ကလေးရဲ့ အားမာန်ကို ဘန်နာထဲမှာတွေ့ လိုက်ရတယ်…အိမ်သစ်တက်ပွဲ ပို့ စ်အသစ်လေးတွေ မျှော်နေတယ်…

Moe Cho Thinn said...

အောက်တိုဘာတောင် ရောက်ခဲ့ပြီ..
ကိုပေါ အသစ် မတင်သေး..
အကြိမ်ကြိမ် လှည့်ပြန်သွားရ၏..

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs