“ဒု-၀န်ကြီးချုပ်ပြောကြားချက်နှင့် စပ်လျဉ်း၍”

Share |


(မြန်မာ့အရေးလှုပ်ရှားသူများနှင့် ပတ်သက်၍ စင်္ကာပူနိုင်ငံ ဒု-၀န်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဖြစ်သူ ဝေါင်ကန်ဆင်း၏ ပြောကြားချက်အပေါ် စင်္ကာပူနိုင်ငံသားတဦး တုန့်ပြန်ရေးသားချက်အား ဘာသာပြန်သည်။)
စင်္ကာပူတွင် ငြိမ်းချမ်းစွာ စုဝေးခြင်း၊ ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့သော မြန်မာမျိုးချစ်များအား ဗီဇာနှင့် အလုပ်လုပ်ကိုင်ခွင့် ပါမစ်များ သက်တမ်းတိုးမပေးရခြင်း၏ နောက်ကွယ်မှ တကယ့် သဘောထားအမှန်ကို ဒု-၀န်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ဝေါင်ကန်ဆင်းမှ အတည်ပြုပြောကြားသွားခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် “ဥပဒေများအား အစဉ်တစိုက် ဖီဆန်ခြင်း”သည် စင်္ကာပူတွင် အလုပ်လုပ်ကိုင်လျက်ရှိသော (သို့မဟုတ်) ပညာသင်ယူနေသော မြန်မာအချို့အား ၄င်းတို့၏ နေထိုင်ခွင့်များ ကုန်ဆုံးသည့်အခါ ထွက်သွားရန် ပြောကြားရခြင်း၏ နောက်ကွယ်က အကြောင်းရင်းမှန် ဖြစ်ကြောင်း ဒု-၀န်ကြီးချုပ်ဝေါင်းက အတည်ပြုသည်။ ( စက်တင်ဘာလ ၁၈ ရက်နေ့ထုတ်….စထရိတ်စ်တိုင်းမ်စ် သတင်းစားပါ “မြန်မာလှုပ်ရှားသူများသည် ကျွန်ုပ်တို့ ဥပဒေများအား ဖီဆန်သည်” ဆိုသော သတင်းကို ကိုးကားသည်။)
ဒု-၀န်ကြီးချုပ်သည် ပါလီမန်တွင် နိုမင်နိတ်တက် အမတ်တယောက်ဖြစ်သူ ယူနစ်အော်လ်ဆင် တင်ပြလာသော မေးခွန်းကို တုန်ပြန်ရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ သူမ၏ မေးခွန်းမှာ “မြန်မာစစ်အစိုးရမှ စင်္ကာပူအစိုးရအား မြန်မာစစ်အစိုးရဆန့်ကျင်သူများအပေါ် နှိပ်ကွပ်နှိမ်နင်းရန် (သို့မဟုတ်) ၄င်းတို့၏ နေထိုင်ခွင့်များကို ငြင်းပယ်ရန် ဖိအားပေးခြင်း၊ တောင်းဆိုခြင်းများ ရှိခဲ့သလော” ဟူသော မေးခွန်းပင်ဖြစ်သည်။
ဒု-၀န်ကြီးချုပ်၏ ထုတ်ပြန်ကြေညာချက်မှာ ကျွန်ုပ်တို့အတွက် အထူးတလည် အံ့အားသင့်စရာ မဟုတ်ပေ။ မေးစရာ ရှိသည်မှာ “ကျွန်ုပ်တို့အားလုံး သိပြီးသားအချက်ကို အတည်ပြုရန် အစိုးရသည် အဘယ်ကြောင့် ဤမျှကြာမြင့်စွာ အချိန်ယူခဲ့ရသနည်း” ဆိုသည့် အချက်ဖြစ်သည်။
ယခုနှစ် ဇွန်လနဲ့ သြဂုတ်လများအတွင်းက မြန်မာမျိုးချစ် ၆ ဦး၏ ရီအင်ထရီပါမစ်၊ အီးပီ၊ ဒဗလျူပီ နှင့် အလည်အပတ် နေထိုင်ခွင့်များကို စင်္ကာပူလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များနှင့် အလုပ်သမားအင်အားဝန်ကြီးဌာနမှ ငြင်းပယ်ခဲ့စဉ်အခါက မည်သည့်အကြောင်းပြချက်မျှ အာဏာပိုင်များဘက်မှ ပေးခဲ့ခြင်းမရှိ။ အယူခံလွှာ (appeal)ကို ပယ်ချသည့်အခါတွင်လည်း မည်သည့်အကြောင်းပြချက်မျှမပေး။ ယခုကဲ့သို့ တကယ့်အကြောင်းရင်းမှန်ကို ပြောပြနိုင်ရန် အစိုးရအနေဖြင့် အဘယ်ကြောင့် ကာလကြာမြင့်စွာ အချိန်ယူခဲ့ရသနည်း။
မြန်မာနိုင်ငံသားတို့သည် “ပြင်ပတွင် ဆန္ဒပြခြင်းများ” ကဲ့သို့သော တရားမ၀င်သည့် လှုပ်ရှားမှုများဖြင့် ၄င်းတို့၏ နိုင်ငံရေးရည်မှန်းချက်များကို ဖော်ဆောင်ခဲ့သည်ဟုလည်း ဒု-၀န်ကြီးချုပ်က ပြောကြားခဲ့သေးသည်။
ဤဆောင်းပါး၏ ရည်ရွယ်ချက်မှာ လူငါးယောက်ထက်ပို၍ စုဝေခြင်းကို တားမြစ်သော ဥပဒေသည် မျှတ၏၊ မမျှတ၏ကို အကဲဖြတ်ရန်မဟုတ်။ သို့မဟုတ် အတိုက်အခံများကို နှိပ်ကွပ်ရာတွင် ဤဥပဒေကို လိုသလိုထုတ်ယူသုံးစွဲသလောဆိုသည့်အချက်ပေါ်တွင် အထောက်အထားနှင့်တကွ ပြောဆိုသုံးသပ်ရန်လည်းမဟုတ်။ ဤကိစ္စများနှင့်ပတ်သက်၍ ကျွန်ုပ်အမြင်ကို စာဖတ်သူများအနေဖြင့် ကာလကြာမြင့်စွာကပင် နားလည်သဘောပေါက်ပြီး ဖြစ်သည်။
ကျွန်ုပ်ထောက်ပြလိုသောအချက်မှာ အာဏာပိုင်များအနေဖြင့် မြန်မာမျိုးချစ်များအပေါ်တွင် စာနာထောက်ထားငဲ့ညှာခြင်း အလျဉ်းကင်းမဲ့သည့်အချက်ကိုပင် ဖြစ်သည်။
ပြည်ပရောက်မြန်မာမျိုးချစ်များသည် စစ်အစိုးရမှ ရဟန်းရှင်လူများအပေါ် သတ်ဖြတ်ခြင်းကို ကန့်ကွက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ ထို့အတူ စစ်အစိုးရရေးဆွဲသော အခြေခံဥပဒေအား အတည်ပြုရန်ကြိုးစားသည့် အတုအယောင် လူထုဆန္ဒခံယူပွဲအား ဆန့်ကျင်ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။ ဤအရေးများသည် တိတ်ဆိတ်မနေဘဲ ထုတ်ဖော်ပြောဆိုသင့်သော အရေးကိစ္စများဖြစ်သည်။ မြန်မာတို့၏ အသက်အိုးအိမ်စည်းစိမ်နှင့် မိသားစုပေါင်းများစွာကို ထိပါးနေသော အရေးကိစ္စများလည်း ဖြစ်သည်။ သို့စင်လျက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သော မြန်မာလူမျိုးများအပေါ်တွင် အဘယ်ကြောင့် အစိုးရသည် ၄င်း၏ သိနားလည်စိတ် ခေါင်းပါးမှု၊ အကြင်နာတရားခေါင်းပါးမှုကို ပြသခဲ့ရသနည်း။ ၄င်းမျိုးချစ်မြန်မာတို့သည် ၄င်းတို့၏ လှုပ်ရှားမှုများကို ငြိမ်းချမ်းစွာ ပြုမူခဲ့ကြသည်။ ၄င်းတို့ကြောင့် အများပြည်သူအား အနှောက်အယှက်မဖြစ်စေခဲ့၊ အဆင်မပြေမှုများအားလည်း မဖြစ်စေခဲ့။ သို့စင်လျက် အဘယ်ကြောင့် ၄င်းတို့အား သာမန်ရာဇ၀တ်သားများနှင့် တတန်းတစားတည်းထားကာ ဆုံးဖြတ်သနည်း။
ဒု-၀န်ကြီးချုပ်က ပြောလိုက်သေးသည်။ “မြန်မာတို့သည် စင်္ကာပူဥပဒေများကို ချိုးဖောက်စဉ်က ချိုးဖောက်ခဲ့ပြီး နောက်တွင် စင်္ကာပူ၌ နေထိုင်ခွင့်ကို ၄င်းတို့၏ ရပိုင်ခွင့်သဖွယ် ဖီဆန်ကာ တောင်းဆိုခဲ့ကြသေးသည်” ဟူ၏။
ဤပြောကြားချက်သည် ပုံကြီးချဲ့ကာ တဖက်သတ်ပြောကြားမှုဖြစ်သည်။ မြန်မာမျိုးချစ်များအနေဖြင့် စင်္ကာပူတွင် နေထိုင်ခွင့်သည် ၄င်းတို့ ရပိုင်ခွင့်ဖြစ်သည်ဟု ၄င်းတို့ယူဆကြောင်း မည်သည့်အခါကမျှ တိုးတိုးတိတ်တိတ်သော်လည်းကောင်း၊ လူသိရှင်ကြားသော်လည်းကောင်း ပြောကြားခဲ့ဘူးခြင်းမရှိ။ သြဂုတ်လ ၂၂ ရက်နေ့က ပင်နင်ဆူးလား အိတ်ဇဲရှားဟိုတယ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ မျိုးမြင်မောင်မှ အထူးတလည်ဇောင်းပေးပြောကြားခဲ့သောအချက်မှာ ၄င်းတို့အနေဖြင့် အထူးမျက်နှာသာပေးမှုများကို တောင်းဆိုနေခြင်းမဟုတ်ကြောင်း၊ ၄င်းတို့အား တရားမျှတစွာ ဆက်ဆံမှု (right to be treated fairly) ကိုသာ တောင်းဆိုခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒု-၀န်ကြီးချုပ် ပြောကြားသည့် နောက်တချက်မှာ “၄င်းတို့သည် ယခုကိစ္စကို မီဒီယာမှတဆင့်၊ အကြောင်းရင်းမှန်ကို သေချာမသိသော ပြည်ပအဖွဲ့အစည်းများမှတဆင့် နိုင်ငံရေးအသွင်မရောက် ရောက်ရန် ကြိုးပမ်းနေကြသည်။ ထိုသို့ကြီးပမ်းရာတွင် ၄င်းတို့အား စင်္ကာပူမှ နှင်ထုတ်ခြင်းသည် နိုင်ငံရေးအရ တွန်းအားကြောင့်ဖြစ်သည်ဟု တမင်လုပ်ကြံလီဆည်ခဲ့ကြသေးသည်” ဆိုခြင်း ဖြစ်သည်။
ကျွန်ုပ်အမြင်အရဆိုလျှင် ဤကိစ္စကို နိုင်ငံရေးအသွင်မရောက် ရောက်အောင် ဖန်တီးနေသူမှာ မြန်မာမျိုးချစ်များမဟုတ်။ ဒု-၀န်ကြီးချုပ်ကိုယ်တိုင်သာဖြစ်သည်။ လူအများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် မိသားစုများစွာအပေါ် ဘေးအန္တရာယ်ကျရောက်နေပြီဆိုလျှင် ၄င်းတို့၏ ဘေးဒုက္ခကို အများသိစေရန် အများရှေ့မှောက်သို့ ထွက်ခြင်းသည် မှားယွင်းသည်ဟု ဆိုနိုင်မည်လော။ အကယ်၍ စင်္ကာပူနိုင်ငံသားအချို့အနေဖြင့် ပြည်ပနိုင်ငံတခုတွင် ယခုကဲ့သို့ မတရားပြုမူခံခဲ့ရမည်ဆိုလျှင် ဒု-၀န်ကြီးချုပ်အနေဖြင့် ၄င်းစင်္ကာပူနိုင်ငံသားများအား သူတို့ဒုက္ခအား ရေငုံနှုတ်ပိတ်နေစေရန် မျှော်လင့်နေဦးမည်လော ဟု မေးစမ်းချင်ပါသည်။
မူရင်းကို ဖတ်ရှုရန်။

5 comments:

Anonymous said...

ဗျို့ ...ကိုဂွတိုလေး

စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေက စင်္ကာပူ အစိုးရ ကို ဂရုမစိုက်တဲ့ ပုံပဲ။ ဒီ ကိစ္စ မှ မဟုတ်ပါဘူး၊ တခြား ဘလော့ဂါတွေ သူတို့ တွေ့ကြုံနေရတဲ့ နေ့စဉ် အဖြစ်အပျက်လေးတွေ ရေးသားကြတဲ့နေရာမှာလဲ မတတ်သာလို့ သာနေနေရတာ မင်းတို့ နိုင်ငံလေးလောက် နဲ့ကွာ လို့ အတွေးတွေ ရှိနေလို့ ထင်တယ်။ ထိုင်းအစိုးရ ကိုတောင် ဒီလို သွား မလုပ်ရဲလောက်ဘူး၊ ဘာလို့ မြန်မာတွေ စင်္ကာပူအစိုးရကို အထင်မကြီးတဲ့ ပုံစံဖြစ်နေရတာလဲ။ မြန်မာတွေ မသိစိတ်ထဲမှာ ဘာကို အားကိုးနေလို့လဲ မသိဘူး။ စိတ်ထဲ ထင်တာလေးတွေ လာရေးတာ။





မောင်လမ်းသစ်

Anonymous said...

Speaker corner မှာတရားဝင် ဆန္ဒပြခွင်. ဆိုတာဖြစ်လာတာ......
စင်္ကာပူရောက် မြန်မာတွေ ကိုကျေးဇူးတင်ဘို.လုံးဝကေါင်းတယ်။
ဘယ်နေရာရောက်ရောက် ဘယ်ဒေသရောက်ရောက် မျိုးချစ်မြန်မာများ ( နအဖ ဘောမများ မပါဝင်ပါ ) ဟာ အမှန်တရားဘက်က ရဲ ရဲ ရင်.ရင်. တိုက်ပွဲ ၀င်သွားမယ်ဆိုတာ အသိပေးလိုက်ပါတယ်။။။
စ လုံးအစိုးရ ဒီလိုလုပ်တာဟာ....
သူတို.အတွက်အရှူံးတွေချဉ်.ဘဲဆိုတာ တွေ.တဲ.အတိုင်းပါဘဲ....
ဒီထက်ပီပြင်တဲ. လှူတ်ရှားမှူ.တွေလာပါလိမ်.အုံးမယ်။
ဝိုင်းဝန်းပူးပေါင်းကြပါ။။။။

Moe Cho Thinn said...

အင်း..ဒီလိုတောင် တရားဝင် ထုတ်ပြော တိုက်ခိုက်လာပြီဆိုတော့ ကုလားကြီးနဲ့ အရာကြီးပါပဲလား။ ကိုယ့်လူတွေဆီက လာသင်တန်း တက်သွားပုံရတယ်။
ဆောင်းပါးရေးတဲ့သူရော၊ ဘာသာပြန်တဲ့ ကိုပေါကိုရော ကျေးဇူးတင်ပါတယ်။

Anonymous said...

ယူနစ်အော်လ်ဆင်မေးတာကဗြောင်ပဲ။ကောင်းတယ်။ဘဲနာကြီးကမငြင်းဘူးနော်။ကာလကြာမြင့်စွာအချိန်ယူနေတာညစ်ဖို့လိမ်ဖို့။မြန်မာအရေးဟော့နေတုန်းက၀ပ်ပြီးခုမှထလာတာ။မြန်မာပြည်ကြီးပြောင်းသွားရင်ကလိမ်ကကျစ်ဆက်လုပ်လို့မရမှာကြောက်နေတာ။သတိတော့ထား။ဒီကောင်တွေကောက်ကျစ်တာကပညာပါတယ်။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Anonymous said...

ဗျို့ ကို Anonymous ကြီး,

မြန်မာဆို တာဘယ်လိုဆိုတာ မသိတာ ခင်ဗျားကမြန်မာမဟုတ်လို့လား ဒါမှမဟုတ်..မျိုးမစစ်လို့လား....မြန်မာဆိုတာဘယ်နိုင်ငံဖြစ်ဖြစ်ရွေ့လို့ရတယ်ဗျ
နားလည်ပါ..

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs