“၀င်ကစွပ်”

Share |
ကိုပေတရာဟာ အင်မတန်ခက်တဲ့ လူတယောက်ဘဲ။ သူ့ဇာတိကတော့ ရလွတ်ပလွတ် ရွာကပါ။ မူလက အင်မတန် ဆင်းရဲတဲ့သူပေါ့။

သူဟာ တောင်ပုလုမြို့ကိုတက်ပြီး သူဌေးကြီး ဦးဘောဂအိမ်မှာ သူရင်းငှားလုပ်တယ်။ ဦးဘောဂဆိုတာက သိတဲ့အတိုင်း တောင်ပုလု မြို့မှာ ကျိကျိတက် ချမ်းသာတဲ့ သူကြွယ်ကြီးတဦးပေါ့။ တောင်ပုလုနယ်တလွှားမှာရှိတဲ့ လယ်မြေဧကပေါင်းများစွာ ပိုင်ဆိုင်သလို အနီးအနားမြို့ကြီးပြကြီးတွေက ပွဲရုံလုပ်ငန်းတွေဘာတွေမှာလည်း အစုစပ် ပါဝင်ပြီး ကြီးပွားနေတာမျိုး။

အဲဒီတော့ ဦးဘောဂ အိမ်မှာ ကိုပေတရာနည်းတူ သူရင်းငှားလာလုပ်တဲ့ ရလွတ်ပလွတ်ရွာသားတွေဆိုတာကလည်း ဘယ်မှာနည်းလို့တုန်း။ ဒါပေမယ့် တခြားသူရင်းငှားတွေနဲ့ မတူဘဲ ကိုပေတရာမှာ တမူထူးခြားနေတဲ့ အကျင့်တရပ်ရှိတယ်။ အဲဒါက ဘာမဆိုင်ညာမဆိုင် ဦးဘောဂရဲ့ ကြွယ်ဝချမ်းသာမှုကို သူက ကြားထဲကနေ ၀င် ၀င်ပြီးတော့ ဂုဏ်ယူနေတတ်ခြင်းဘဲ။

“ဟေ့....ငါတို့ သူဌေးကြီးအိမ်မှာဆိုရင် ရွှေပန်းကန်ပြားနဲ့ ထမင်းစားတာကွ၊ ရလွတ်ပလွတ်ရွာမှာဆိုရင် ဒါမျိုး စားနိုင်ဘို့ ဝေးစွ”

ကဲ.... ကြည့်ဦး။ အကြောင်းမသိရင် ဦးဘောဂ ကဘဲ သူ့ကို ရွှေပန်းကန်ပြားနဲ့ ထမင်းထည့်ကျွေးနေသယောင်ယောင်။ တကယ်တမ်းသွားကြည့်ရင်တော့ ကိုပေတရာလည်း တခြားသူရင်းငှားတွေနဲ့အတူ မြင်းဇောင်းဘေးက အဖီဆွယ်ထားတဲ့နေရာလေးမှာ စုတ်စုတ်ပြတ်ပြတ် နေရ စားရ ရှာတာပါ။

အဲ...သူဌေးဦးဘောဂဆိုတာကလည်း အင်မတန် အကျင့်ယုတ်တဲ့ လူတယောက်ပါ။ ဆင်းရဲသားတွေအပေါ်မှာ မတန်တဆ ငွေတိုးချေး၊ ပြန်မဆပ်နိုင်ရင် လယ်တွေသိမ်း၊ ယာတွေသိမ်းနဲ့ အင်မတန် ရက်စက်တဲ့ စီးပွားရေးသမား။ နောက်ပြီးတော့ လူဆိုးဂိုဏ်း၊ ဓားပြဂိုဏ်းတွေကို ဓါးလှံလက်နက် တိတ်တဆိတ်ရောင်းချပေးတာမျိုး၊ လူဆိုးခေါင်းဆောင်တွေကို တောင်ပုလုမြို့ပေါ်က တိုင်းရင်းဆေးဆရာကြီးတွေနဲ့ ဆေးဝါးကုသပေးတာမျိုး တွေလည်း လုပ်တတ် လွန်လွန်းလို့ တောင်ပုလု တမြို့လုံးကရော၊ အခြားမြို့ရွာတွေမှာပါ ဦးဘောဂရဲ့ မကောင်းတဲ့ ဂုဏ်သတင်းက မွှေးလွန်းလှတာကလား။
တချို့သူရင်းငှားတွေအနေနဲ့ ၀မ်းရေးအတွက် မတတ်သာလို့သာ ဦးဘောဂအိမ်မှာ အလုပ်လာလုပ်ရတယ်၊ တတ်နိုင်ရင် တခြားနေရာတွေမှာဘဲ သွားရောက်အလုပ်လုပ်ချင်နေတဲ့ အနေအထားမှာ ရှိကြတယ်။

ဒါပေမယ့် စောစောက ပြောသလိုပါဘဲ။ ကိုပေတရာက လူတမျိုးလေ။

“ဟေ့..... သူဌေးကြီး ဦးဘောဂ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ငါထောက်ခံတယ်။ သူ့အနေနဲ့ လူသတ်မှုတွေ၊ ဓါးပြမှုတွေမှာ ပါဝင်ပတ်သက်နေလဲ ငါဂရုမစိုက်ဘူး။ သူဟာ ငါထမင်းစားဘို့အတွက် အလုပ်အကိုင် အခွင့်အလမ်းတခုကို ဖန်တီးပေးထားတယ်။ ဒီအတွက် သူ့ကို ငါကျေးဇူးတင်တယ်။ ဒါဟာ ငါ့ဘ၀ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းချက်။”

ကဲ..... ကိုပေတရာ ဆိုတဲ့လူဟာ မခက်ပေဘူးလားဗျာ။ သူ့ပတ်ဝန်းကျင်က ရလွတ်ပလွတ် ရွာသားတွေက အကျိုးအကြောင်းနဲ့ နားချပြန်တော့လည်း ကိုပေတရာက ဘူးဆိုရင် ဖရုံမသီးတတ်ဘူးလေ။ အထူးသဖြင့် သူ့မိတ်ဆွေ သမိန်ပေါသွပ်ဆိုရင် သူ့ဒဏ်ကို အခံရဆုံး။

“ဒီမှာ၊ ပေါသွပ်။ ငါ့ကို လာ တရားမချနဲ့။ လူအများရဲ့ လွတ်လပ်ခွင့်အပေါ် ဖိနှိပ်ချုပ်ချယ်သူတွေကို ငါ့အနေနဲ့ လွတ်လပ်စွာ အထင်ကြီးပိုင်ခွင့်ရှိတယ်။ ထောက်ခံပိုင်ခွင့် ရှိတယ်”

ကိုပေတရာရယ်.... ဒီလောက်တောင် လူလူချင်း အကြောက်တရားမထားစမ်းပါနဲ့ဗျာ လို့ တိုက်တွန်းတဲ့အခါမျိုးဆိုရင်....

“ဟေ့၊ ငါ့မှာ လွတ်လပ်စွာ ကြောက်ချေးပန်းပိုင်ခွင့် ရှိတယ်ကွ”

ကိုပေတရာရယ်.... ခင်ဗျားသူဌေး ခင်ဗျားအပေါ်လုပ်ပုံက မတရားလွန်းဘူးဗျာ။ ပြန်ပြောပါတော့လား...ဆိုတော့

“ဟေ့...လွတ်လပ်စွာ တိတ်ဆိတ်နေပိုင်ခွင့်၊ ခေါင်းငုံ့ခံခွင့် ရှိတယ်ကွ”

ကိုပေတရာရယ်..... ခင်ဗျားရဲ့ အတွေးအခေါ်တွေက လွတ်လပ်တဲ့ လူတယောက်ရဲ့ အတွေးအခေါ်နဲ့ မတူဘဲ၊ အတွေးအခေါ် ကျွန်စော်နံလိုက်တာဗျာ....လို့ ဆိုခဲ့ရင်...

“ဟေ့၊ လွတ်လပ်စွာ သူ့ကျွန်ခံပိုင်ခွင့်ရှိတယ်ကွ”

ကိုပေတရာရဲ့ အဆိုးရွားဆုံး အကျင့်တခုကတော့ သူ့သူဌေးရဲ့ မကောင်းမှု၊ ဒုစရိုက်တွေကို တစုံတယောက်က အကျိုးအကြောင်းခိုင်လုံစွာ ဝေဖန်ထောက်ပြလာတဲ့အခါမျိုးမှာ ဆတ်ဆတ်ထိမခံ (အကျိုးအကြောင်းမညီညွတ်ဘဲ) ပြန်လည် ဖြေရှင်းတတ်ခြင်းဘဲ။ နောက်ဆုံး အကျိုးသင့်အကြောင်းသင့် ပြန်လည် မဆွေးနွေးနိုင်တဲ့အခါမျိုးမှာ....

“ဟေ့။ လွတ်လပ်စွာ ကွဲလွဲကြတာပေါ့ကွာ” လို့ လျှောချပစ်လေ့ရှိတယ်။

နောက်ဆုံးမတော့ သမိန်ပေါသွပ်ဟာ “သခင်အားရ၊ ကျွန်ပါးဝ” စတိုင်လ် ချိုးနေသော သူ့မိတ်ဆွေ ကိုပေတရာအား စိတ်ပျက်လက်ပျက်ကြည့်လျက် တောင်ပုလုတွင် ကိုပေတရာကဲ့သို့သော ရလွတ်ပလွတ်ရွာသား ဘယ်နှစ်ယောက်များ ရှိလေမလဲဟု တွေးတောနေမိပါတော့သည်။

13 comments:

Anonymous said...

ပေတရာက ဘူဒုန်းဟင်...ဖေတရာမောင်တကျိပ် မဟုတ်တာတော့ သေချာပါတယ်နော်... ဒေါ်မေသစ်ကြီးကို သတိရလိုက်တာဗျာ ...မဆီမဆိုင်...

Anonymous said...

အခုအချိန်ကစပြီး ကောင်းမှုကုသိုလ်လုပ်တိုင်း ဆုတောင်း တစ်ခု တိုးတောင်းရတော့မယ် ...
ကိုပေတရာလို ဘ၀မျိုးနဲ့တော့ ဘ၀ဆက်တိုင်း လူမဖြစ်ရပါလို၏ ...
အမှန်တရားအတွက် အသက်ပင် သေချင် သေပါစေ လူ့သိက္ခာရှိသောသူသာ ဖြစ်ရပါလို၏ ...

Anonymous said...

ကိုပေါရေ ကျနော်က ပေတရာလဲ မဟုတ်။ ပေါသွပ်လဲ မဟုတ်တဲ့ ကျနော်ပါဗျ။ ပေါသွပ်ကို လေးစားပေမယ့် သူ့လိုလဲ သွပ် သွပ် သွပ် မသွပ်နိုင်ပါဘူး။ အဲဒီတော့ တခါတလေ ပေတရာဖြစ်လိုက်၊ တခါတလေတော့ ၀င်သွပ်လိုက်နဲ့ ပေတသွပ်ကြီးပေါ့ဗျာ။

ကျနော်ထင်တာက အရာအများစုက အဖြူအမဲ မကွဲတဲ့ မီးခိုးတွေပါဗျာ။ ကိုပေါကို ဒါတွေပြောရင် မိချောင်းမင်း ရေခင်းပြဖြစ်နေတော့မယ်။ ကိုပေါ ဆက်တွေးလိုက်ပါဗျာ။ ကိုပေါတို့တွေးကြည့်ရင် ကျနော်ရေးစရာမလိုလို့ လက်ညောင်းသက်သာတာပေါ့။

Anonymous said...

Lun Lunn၊
လူ့သိက္ခာရှိသောသူဖြစ်စေလို့ ဘယ်သူကမှ ဆုပေးလို့မရပါဘူး။ တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်လို့ ကောလိပ်ဂျင်နေ၀င်းပြောဖူးတယ်လေ။ :P "အမှန်တရားအတွက် အသက်ပင် သေချင် သေပါစေ" လို့ စိတ်ထားနိုင်မှတော့ မခက်တော့ပါဘူး။ အသက်တောင်ရင်းရဲတဲ့လူကို ဘယ်အရာက တားဆီးနိုင်ဦးမလဲ။ အဲဒီလို လူတွေကပဲ ကမ်ဘာကြီးပြောင်းလဲသွားတာပါ။ လေးစားပါတယ်။

တန်ခူး said...

ကိုပေတရာက ဦးဘောဂဆီမှာ သူ့ လုပ်အားနဲ့  သူရင်းငှားလုပ်တယ်…
ဒီအတွက် လုပ်အားခရတယ်…
ဦးဘောဂ နဲ့  ကိုပေတရာ ပတ်သက်မှုကဒါပဲ…
ကိုပေတရာ အလုပ်မလုပ်ပဲနဲ့  ဦးဘောဂက ထမင်းအလကားမကျွေးထားသလို
ကိုပေတရာက သူရင်းငှားအလုပ် မကျွမ်းကျင်ရင်လဲ ဦးဘောဂက သဘောထားကြီးစွာ အလုပ်ပေးထားမှာ မဟုတ်ဘူး…
တကယ်တော့ သမီးပေးလို့  သမက်ရတာ… ဒီ့ထက်မပိုဘူး…
ဦးဘောဂကလဲ ကိုပေတရာတို့ လို သူရင်းငှားတွေ မရှိရင် သူ့ စီးပွားရေး မလည်ပတ်နိုင်ဘူး…
ကိုပေါရေ… ကျွန်မ သဘောပြောရရင် ဦးဘောဂနဲ့ ကိုပေတရာ အလုပ်သဘောကလွဲရင် ကျေးဇူးခံကျေးဇူးစား မဟုတ်တာ အမှန်ပဲ…

Anonymous said...

သူရင်းငှားနဲ့ သူဌေးကြားက ဆက်ဆံရေးက အလုပ်သဘောပါပဲ။ ကျေးဇူးခံ၊ ကျေးဇူးစားမဟုတ်ရပါ။
အဲ...ဒါပေမယ့် ဒီနေရာမှာ ထပ်ပါလာတာက Supply နဲ့ Demand။
သူဌေး ၅ ယောက်၊ သူရင်းငှား ၁ ယောက်ဆိုရင်တော့၊ "ဟဲ ဟဲ.. ဘယ်သူ ဘယ်လောက်ပေးမလဲ" ပေါ့။
သူဌေး ၅ယောက်၊ သူရင်းငှား ၅ ထောင်ဆိုရင်ကော။ "ဆရာ.. ကျနော်က နှိပ်လည်း နှိပ်တတ်တယ်" ဖြစ်သွားရော။ (စကားမစပ်၊ ပေတရာက အနှိပ်သည်နော်။)
ဒါတင်ပဲလား ဆိုတော့၊ မဟုတ်သေးဘူးဗျ။
သူဌေးက ဘယ်လိုလူလဲ ရက်ရောလား၊ ပြည့်ရဲ့လား၊ သူရင်းငှားကရော မောင်ရိုးလား၊ ပေတရာလား၊ ပေါသွပ်လား၊ ပညားပိစိလား၊ အိုင်စတိုင်းလား ကွာသေးသဗျို့။

အဆုံးသတ်တော့ မိမိရွေးချယ်မှုနဲ့ ခံနိုင်ရည်ပါပဲ။ တချို့လူတွေ အရေပြားပါးတယ်။ (ပေါသွပ်လိုပေါ့)။ တချို့ကတော့ ခပ်ထူထူပဲ။ (ပေတရာလေ)
တချို့ကတော့ မထူမပါး။ (ပေတသွပ်ပေါ့)။ ဟဲ ဟဲ

Myo Win Zaw said...

စော်ပလော်တောတော် စော်ပလော်တောတီး ဟီးနောက်တာဟဲဟဲ သမိန်ပေါသွပ် နေကောင်းပါစေဗျာ ဘာရေးရမှန်းမသိတာနဲ့

Anonymous said...

ကိုသူရိန်ဝင်းနဲ့ မငွေဇင်စိုးတို့ အတွက်ပါမစ်တွေ အဆင်ပြေသွားတာ ဝမ်းသာပါတယ်။ ဒါပေမဲ့ အချိန်မရွေး အကောက်ကြံနိုင်တာတော့ အားလုံးသတိရှိရပါ့မယ်။ ဒီလို တိုးပေးလိုက်တာကိုက ဘာကြံချင်တဲ့သဘောရှိနေလဲဆိုတာ မပြောနိုင်ဘူး။ ဘယ်သူ့မှ မယုံရဲဘူးဗျို့။‌
စင်ကာပူရောက်ရွှေ

Anonymous said...

anonymous ခင်ဗျား ...

ကျွန်တော်က ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူမို့ ဘာမှမလုပ်ပဲ ရယူချင်တာမျိုး မရှိပါဘူး။ ဒါကြောင့် “ကောင်းမှုကုသိုလ်လုပ်တိုင်း ဆုတောင်း တစ်ခု တိုးတောင်းရတော့မယ်” ဆိုပြီး ဆုတောင်းတဲ့အကြောင်း ပြောတာပါ။ ဒါ့ပြင် ကျွန်တော့်ဆုတောင်းက လောဘကင်းတဲ့ လူသားတွေရဲ့ ကောင်းကျိုးကိုသာ လိုလားတဲ့ ဆုတောင်းတစ်ခုပါ။
ကျွန်တော်ရဲ့ “အမှန်တရားအတွက် အသက်ပင် သေချင် သေပါစေ” ရေးသားမှုနဲ့တင် လေးစားတယ် ပြောတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကလည်း “anonymous အပါအ၀င် လူတွေအားလုံးကို လေးစားဂုဏ်ယူချင်ပါတယ်၊ ဒါမှ ကျွန်တော့်တို့ လူ့ပတ်ဝန်းကျင်၊ တိုင်းပြည် မြန်မြန် တိုးတက် ပြောင်းလဲနိုင်မှာပါ။”

Anonymous said...

Lun Lunnရေ
ကျနော် အတိုက်အခံ ဘုပြောလိုခြင်း မဟုတ်ရကြောင်းပါ။
လူ့သိက္ခာရှိသောသူဖြစ်ဖို့ နောက်ဘ၀အထိစောင့်စရာ၊ ဆုတောင်းစရာမလိုဘူးလို့ပြောချင်တာပါ။
ပြီးတော့ ဒီကိစ္စကဘာသာရေးနဲ့လဲ မဆိုင်ပါဘူး။ လူမျိုးဘာသာမရွေး လူ့သိက္ခာရှိသောသူ ဖြစ်နိုင်ပါ၏။
လူ့သိက္ခာဆိုတာ ဘာလဲဆိုတာကတော့ debatableပါ။ လွန်သွားတာရှိရင် ခွင့်လွှတ်ပေးပါ။

Anonymous said...

anonymous ခင်ဗျား ...

ကျွန်တော်က ဘာသာရေးနဲ့ သက်ဆိုင်တယ်လို့ မဆိုပါဘူး။ ဆုတောင်းခြင်းဆိုတာကို ပြောလာလို့ ဗုဒ္ဓဘာသာဝင်ပီပီ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရဖြစ်တဲ့ “ကံ=ပြုလုပ်ခြင်း” ကို ဆိုလိုတာပါ။ (အခြာဘာသာမှာလည်း သူတို့ယုံကြည်မှုနဲ့ သူတို့ ရှိမှာပါ။)

ကောင်းမှုကုသိုလ်လုပ်ပြီး ဆုတောင်းရာမှာလည်း ဒီဘ၀အတွက် ဆုတောင်းတာ ရှိသလို၊ နောက်ဘ၀အတွက် ဆုတောင်းတာလည်း ရှိပါတယ်။

ကျွန်တော်ဆုတောင်းတယ်ဆိုတာ ဒီဘ၀အတွက် မဟုတ်ပါဘူး။ ကိုယ် ကြိုတင်မသိနိုင်တဲ့ နောက်ဘ၀မှာ လူပြန်ဖြစ်ခဲ့ရင် ဆိုပြီး ကိုယ်ဖြစ်လိုတဲ့ လူပီသတဲ့ ဘ၀မျိုးကို ရအောင် ကောင်းမှုကုလိုလ်လုပ်တိုင်း ဆုတောင်းမယ်လို့ ပြောတာပါ။

anonymous ကို အတိုက်အခံ လုပ်တယ်လို့လည်း မထင်ခဲ့သလို လွန်တာ ဘာညာ ရှိတယ်လို့လည်း မထင်ခဲ့တဲ့အတွက် ခွင့်လွှတ်ပေးဖို့ ပြောစရာ မလိုပါဘူး။ လူငယ်တွေ အချင်းချင်း ရှုထောင့်အမျိုးမျိုးကနေ ထင်မြင်ချက်တွေ၊ မရှင်းလင်းတာတွေကို ဆွေးနွေးကြတယ်လို့ပဲ ယူဆပါတယ်။ ဒါလည်း ကောင်းမွန်တဲ့ ဆွေးနွေးခြင်းပါ။ တစ်ယောက်နဲ့တစ်ယောက် အတွေးအခေါ်၊ အယူအဆ၊ ဗဟုသုတတွေ ဖလှယ်ခွင့်ရတဲ့အတွက် အကျိုးရှိတယ်သလို မိမိပြောတဲ့၊ ရေးတဲ့ အကြောင်းအရာတွေကို အရင်လို ပေါ့ပေါ့ဆဆ သဘောမထားဖြစ်တော့ပဲ လေးလေးနက်နက် စဉ်းစား ဆင်ခြင်ပြီးမှ ပြောတဲ့အလေ့အထကောင်းကိုပါ ရစေတယ်လို့ ယူဆပါတယ်။

လေးစားမှုဖြင့်

Anonymous said...

ကိုပေါ.......
ကိုပေတရာ ဘယ်သူလည်းဆိုတာ...
ကျနော် လွတ်လပ်စွာ သိတယ်ဗျ..။

Anonymous said...

ကိုပေါ.......
ကိုပေတရာ ဘယ်သူလည်းဆိုတာ...
ကျနော် လွတ်လပ်စွာ သိတယ်ဗျ..။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs