“လမ်းကလေး....”

Share |
ကျနော့်မှာ ရေးပြီး တပိုင်းတစနဲ့ အဆုံးမသတ်ရသေးတဲ့ ပို့စ်တွေ များနေပါတယ်။ အခုတလော အိမ်မှာလည်း သိပ်မကပ်ဖြစ်ဘဲ လမ်းပေါ်ရောက်နေတာများနေတာမို့ ကျနော့်ပို့စ်တွေ မတင်နိုင်ခင်စပ်ကြား မဒမ်ပေါရဲ့ ဘလော့ဂ်မှာ တင်ထားတဲ့ မဒမ်ပေါရဲ့ လက်ရာကဗျာလေးတွေထဲက နောက်ထပ်တပုဒ်ကို ထုတ်နှုတ်တင်ပြလိုက်ရပါတယ်။

“လမ်းကလေး.....”


တခါတခါ...
ကြေကွဲမှုတွေထမ်း
သူ့အပေါ် လျှောက်လှမ်းလာတဲ့ ငါ့ကို
မငြူစူ မကဲ့ရဲ့
စာနာစွာ နှစ်သက်လို့
အကြင်နာလက်နဲ့ ထွေးဖက်ခဲ့တယ်....။

တခါတခါ....
အလွမ်းတွေနဲ့ မွန်းကြပ်
ကာရံမဲ့ တေးတွေဆိုတတ်တဲ့ ငါ့ကို
ဖေးမလို့နှစ်သိမ့်
ရွက်ကြွေလွင့်သံ တိုးတိတ်တိတ်နဲ့
အလွမ်းစိတ်ကို ချွေးသိပ်စေခဲ့တယ်....။

တခါတခါ....
ရင်ခုန်သံတွေထဲ တိမ်းမူး
တလှပ်လှပ် ကြည်နူးနေတဲ့ နှလုံးသားနဲ့
ခြေသံဖွဖွ ကြွကြွကလေးလှမ်းလာတဲ့ ငါ့ကို
ရှက်ပြုံးလေပြေသွေး ပန်းရနံ့တွေပေးလို့
ညင်သာနုသက် သူ့ရင်ခွင်မှာမှေးစက်စေခဲ့တယ်။

တခါတလေတော့...
ငါက..အပျော်တွေနဲ့ရူး
မြူးတူးနေတဲ့အခါ...
သူကလဲကြည်နူး အပျော်တွေဝတ်မှုံကူးလို့
ငါ့ရဲ့ ခြေရာတွေနောက်...
ပန်းခြောက်လေးတွေကို တကောက်ကောက်လိုက်စေရင်း..
နောက်တောက်တောက်နဲ့ကျီစယ်
ငါ့မျက်ဝန်းတစုံကို ပြုံးစေခဲ့တယ်..။

လမ်းဆုံးရောက်တိုင်း...
ခွဲခွါတိုင်းမှာတော့...
ငါက...ထားပစ်
သူ...ကျန်ရစ်ပေမယ့်
အမုန်းမဆို
အပြစ်မပြော
ငေးမောလို့သာ.....နေရစ်တယ်။
-ထနောင်း

5 comments:

တန်ခူး said...

အဲဒီလမ်းကလေးပေါ်လျှောက်လှမ်းခွင့်ရတဲ့ဘ၀လေးက ကံကောင်းလိုက်တာ…
ရင်ထဲကို ငြိမ့်ငြိမ့်လေးဝင်သွားတတ်တဲ့ ထနောင်းရဲ့လက်ရာလေးတွေကို နှစ်သက်မိတယ်…
ကိုပေါက လမ်းကလေးပေါ်မှာ… အပျင်းကြီးလို့ postအသစ်မတင်နိုင်တာတောင် လမ်းကလေးက ဖြည့်ဆီးပေးနိုင်တယ်…

Thargyi(Gyobingauk) said...

"သူ...ကျန်ရစ်ပေမယ့်
အမုန်းမဆို
အပြစ်မပြော
ငေးမောလို့သာ.....နေရစ်တယ်။"
မဒမ်ပေါရယ်... ကဗျာစပ်နည်းလေးများသင်မပေးချင်ဘူးလား..
မုန့်လိုက်ကျွေးပါ့မယ်..
တကယ်..တကယ်

Anonymous said...

မဒမ်ပေါလဲ ခေသူမဟုတ်ပါလား ..ရင်ထဲခံစားဖတ်ရှုသွားပါကြောင်း

ခိုင်

testarrman said...

ကိုပေါ
တာရာမင်းဝေ စတိုင်လ် ဖမ်းနေတာလား။
သူ့စာအုပ်တွေထဲမှာ မနော်ဟရီ poem တွေ ထည့်တာလေ။
:-)

pandora said...

မဒမ်ပေါက တကယ့် ခံစားချက်အပြည့်နဲ့ ကဗျာဆရာမပါပဲ။ ကိုပေါတို့ ဇနီးမောင်နှံ လိုက်ဘက်ညီကြပါပေတယ်။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs