“မေလ ၁၇ ရက် သို့မဟုတ် ဆိုင်ကလုန်းအကူအညီအတွက် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနေ့...”

Share |
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဘေးဒဏ်အတွက် အပြည်ပြည်ဆိုင်ရာမှ ပေးလာသော အကူအညီများမှာ ယခုအခါ စုစုပေါင်း ဒေါ်လာ သန်း ၈၀ ခန့် ရှိနေပြီဖြစ်သည်။ အလှူစာရင်းအသေးစိတ်ကို ဧရာဝတီ အွန်လိုင်းမဂ္ဂဇင်း အင်တာနက်စာမျက်နှာတွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။ (ဒီမှာ ကလစ်ခေါက်ပါ။)

ပြည်ပတွင် ရောက်ရှိနေသော မြန်မာတို့၏ ငွေကြေးအလှူ၊ အ၀တ်အစား အသုံးအဆောင်နှင့် လုပ်အားဒါနအလှူတို့မှာလည်း ကြက်သီးထခမန်းပင်ဖြစ်သော်လည်း နိုင်ငံတကာမှ ကူညီမည့် ပမာဏနှင့်မူကား နှိုင်းယှဉ်ရန် မဖြစ်နိုင်ချေ။ ထို့ပြင် မြန်မာတို့အနေဖြင့် တသီးပုဂ္ဂလ ကိုယ်ထူကိုယ်ထ ကိုယ်တိုင်သွားရောက်ကာ အကူအညီပေးသည့် စေတနာရှင် လုပ်အားပေးသူများ အမြောက်အမြား ရှိသည်ကားမှန်၏။ တကယ်တမ်းတွင်မူ လက်တွေ့ကယ်ဆယ်ရေးအပိုင်း၌ စနစ်တကျ လေ့ကျင့်ပေးထားသည့် အတွေ့အကြုံရှိသော နိုင်ငံတကာမှ ကယ်ဆယ်ရေးအဖွဲ့များနှင့်ကား မယှဉ်သာပေ။ လိုအပ်သော မော်တော်ယာဉ်၊ စက်ပစ္စည်းကိရိယာ၊ တန်ဆာပလာ၊ အထောက်အကူပစ္စည်းများမှာလည်း နိုင်ငံတကာမှ ကယ်ဆယ်ရေးအဖွဲ့များသာလျှင် တတ်နိုင်ပေသည်။

သို့သော် ယခုကြုံတွေ့နေရသော အဓိက ပြဿနာမှာ ထိုအကူအညီအထောက်အပံ့အားလုံး လိုအပ်နေသူများထံ လက်ငင်း အချိန်မဆိုင်းရောက်ရှိဘို့အရေးပင်ဖြစ်သည်။

အားလုံးသိပြီးဖြစ်သည့်အတိုင်း မြန်မာစစ်အစိုးရနှင့် ၄င်းတို့၏ လက်ကိုင်ဒုတ်ဖြစ်သော ကြံဖွံ့၊ စွမ်းအားရှင်၊ မယက၊ ရယက စသည့် အဖွဲ့အစည်း အရပ်ရပ်သည် ကမ္ဘာတလွှားမှ ကူညီထောက်ပံ့မှုများကို ဒုက္ခသည်များလက်သို့ မရောက်အောင် နည်းမျိုးစုံဖြင့် ဟန့်တား နှောက်ယှက်လျက်ရှိသည်။

အထက်က ဆိုခဲ့သော နိုင်ငံတကာ အကူအညီများနှင့် ကယ်တင်ရေးအဖွဲ့များအနေဖြင့် လိုအပ်နေသူများထံ အချိန်မီ မရောက်နိုင်ပါက အင်မတန် ဆိုးဝါးသော အခြေအနေတရပ်ကို မလွဲမသွေ ကြုံတွေ့ရပေတော့မည်။ ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ.... အချိန်မီအကူအညီ မပေးနိုင်သည့်အတွက် နောက်ဆက်တွဲဖြစ်ပေါ်လာသော ရောဂါဘယတို့ကြောင့် အသက် ဆုံးရှုံးရမှုမှာ မုန်တိုင်းဒဏ်ကြောင့် သေကြေပျက်စီးသော အရေအတွက်ထက်ပင် အဆပေါင်းများစွာ ပိုနိုင်သည် ဆို၏။ ယခုပင်လျှင် ကုလသမဂ္ဂခန့်မှန်းချက်အရဆိုလျှင် ယနေ့အထိ သေဆုံးသူပေါင်း နှစ်သိန်းတစ်သောင်းကျော်ခဲ့ပြီ ဆို၏။

ထို့ကြောင့်နိုင်ငံတကာမှ အကူအညီ ချက်ချင်းအချိန်မဆိုင်း ၀င်ရောက်နိုင်ဘို့ရာ အင်မတန် အရေးကြီးသည်။ ကျနော်တို့သည် ဖြစ်လာသမျှအား ဘာမျှမတတ်နိုင်သကဲ့သို့ စိတ်ပျက်လက် ပျက် ထိုင်ကြည့်နေမည့်အစား ကျနော်တို့တတ်နိုင်သည့်ဘက်က နည်းလမ်းပေါင်းစုံဖြင့် နိုင်ငံတကာမှ ကယ်ဆယ်ရေးအဖွဲ့များ အမြန်ဆုံး ၀င်ရောက်ရန် ကိစ္စကို တိုက်တွန်းတောင်းဆိုသွားရမည်ဖြစ်သည်။

ယူအက်စ်ကမ်ပိန်းဖော်ဘားမား မှ မေလ ၁၇ ရက်နေ့အား ဆိုင်းကလုန်းအကူအညီအတွက် ကမ္ဘာ့လှုပ်ရှားမှုနေ့အဖြစ် သတ်မှတ်နှိုးဆော်ထားသည်။(ဒီမှာ ဖတ်ပါ။) ထိုနှိုးဆော်ချက်အရ နိုင်ငံတကာရောက်မြန်မာများအနေဖြင့် မေလ ၁၇ ရက်နေ့တွင် ရန်ပုံငွေပွဲများ ကျင်းပခြင်း၊ နိုင်ငံတကာအကူအညီများ ချက်ချင်းဝင်ရန်တောင်းဆိုသည့် ဆန္ဒပြပွဲများ ပြုလုပ်ခြင်း၊ ဖယောင်းတိုင်ထွန်းဆုတောင်းပွဲများ ပြုလုပ်ခြင်းတို့ကို ကမ္ဘာတလွှားတွင် လုပ်ဆောင်ကြရန် တိုက်တွန်းနှိုးဆော်ထားပါသည်။ အင်မတန် လျော်ကန်သင့်မြတ်သော တိုက်တွန်းချက်ဖြစ်ပါသည်။

ထို့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရောက်ရှိနေသော မြန်မာများအနေဖြင့်လည်း မိမိတို့ ရောက်ရှိရာနိုင်ငံအလိုက် မိမိတို့ တတ်နိုင်သော လှုပ်ရှားမှုများအား လုပ်ဆောင်သွားကြရန် ထပ်ဆင့်တိုက်တွန်းလိုက်ရပေသည်။

2 comments:

YeYint Nge said...

ဘလော့ကာများအော်ကြပါ http://yeyintnge.blogspot.com/2008/05/blog-post_14.html

တန်ခူး said...

ကိုပေါရေ…အင်အားချိနဲ့ နေတဲ့လက်ကလေးတွေကို ဖေးကူကြပါစို့ …
ဒဏ်ရာရနေတဲ့ နှလုံးသားလေးတွေကို ကုစားပေးကြပါစို့ …
နလံမထူနိုင်တဲ့ဘ၀တွေ ထူမတ်ဖို့ အတွက် ကောက်ရိုးတမျှင်ဖြစ်စေ…
ကြိုးတချောင်းဖြစ်စေ…ကိုယ်တတ်နိုင်သလောက် အားထုတ်ကြပါစို့ …

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs