“စန္ဒကိန္နရီ”

Share |
ဂန္ဓမာ စန္ဒာတောင်
စုံမြိုင်နန်းမှာ
ဖူးပွင့်ကြတဲ့ ပန်းမာလာ…
ဆင်းရနံ့ကဖြာ…
ငှက်ပေါင်းရယ် သာရကာ
သံစာစာနဲ့
မြူးတူး…ပျော်ကြ….ရှာ။

မြောင်သီလာ
သီတာဗွေစွန်
ရေတံခွန်ဖြာ
မြသွေးရယ်ကြည်လင်စွာ
ခွေကာရစ်လည်
မြစ်နဒီ စန္ဒပါ။

သဲငွေသောင်
သောင်ယံဦး…မှာ
စန္ဒာစန္ဒီ ကိန္နရီတို့မှာ
ပန်းပေါင်းထွေထွေ
ပြာရွှေနီဝါ
ဆင်မြန်းကာဘဲ
ကခုန်မြူးရှာ
နန်းမူ..နန်းရာ
ဆန်လှတာ
ရွှေလည်တွဲ အောင်ပွဲခံကာ
ပျော်ကြရှာ။

လှမ်းမယ်…ပ
မြန်းစို့ ကိန္နရီ
ကိန္နရာ..တူမကွာ
တွဲကာ နွှဲကာ ၀ဲကာပျံကြ
တွဲကာ.. နွှဲကာ.. ၀ဲကာပျံကြ..
ပန်းစုံစွာ
ဂနိုင်တွင်း ကြိုင်သင်းလို့သာ
ပန်းစုံစွာ….
သြော်…ဂနိုင်တွင်း ကြိုင်သင်းလို့သာ
ဖို…မ သံချိုထူးလို့သာ
ငွေသောင်ယံ
ရွှေတောင်ပံ
မခွဲရက်အောင်
နွှဲ….ယှက်ပျော်တာ။

ထိုစဉ်အခါ
ဗာရာသနင်း
မင်းဗြဟ္မဒတ် ဘုရင်ရာဇာ
အဖော်မပါ တကိုယ်တည်းသာ
လေးတော်ထမ်းကာ
မြိုင်နန်းဟေမ၀ါ
ရောက်လို့လာတာ။
ကိန္နရီ ကိန္နရာ
နှစ်ဖော်ကြင်ရာ
ပျော်ရွှင်နေတာ
မြင်လိုက်တော့ကာ….။

မင်းဘုရင် အတင်းပင်
မြိုင်နန်းသူ ကိန္နရီ
ဒေ၀ီခင်ရဲ့အပေါ်
မေတ္တာတော် ထားဘို့ကြံရာ…
သူ့လင်သက်ဝေ..
ချစ်သူဆွေကို..
ဇီဝိန်ကြွေအောင်
စိန်စက်မြားနဲ့
တအားလွှဲပစ်ကာ
သနား….မညှာ
မင်းဗြဟ္မဒတ်ရာဇာ။

အို……ငွေမှုန်ကြဲ
သဲသောင်ယံမှာ
လောင်းမြတ်ကိန္နရာ…
အို…မြားနဲ့ခွင်း…ပါလို့
ချစ်မယားမှာ
သောကဖြာ
စီးကျ…မျက်ရည်တွေတွေ
လင်ရွှေတုံ
ဂမုန်း….မယ့်သက်လျာ
အို…ဆုံး…ဆုံးပေါ့တခါ
အသဲအူ ပူအောင်ဖန်လို့သာ
ပွေ့ယူ…ရင်ခွင်ထဲမှာ
ငိုမစဲ ရှိုက်ငင်သည်းထန်စွာ။

သည်စဉ်အခါ ဗြဟ္မဒတ်ဘုရင်မင်းမှာ
မျက်နှာချိုသွင်းကာ
ချစ်စကားပြောဘို့ အနားကိုကပ်ခါ
“ပျိုကိန္နရီ…မောင်ဘုရားကိုသနား..
မေတ္တာတော်ထားရင်
မိဘုရားမြှောက်ကာ လက်ယာထားမှာ…”

ရက်စက်စွာပြောသော်လည်း
ချစ်လင်ကလွဲ ဖွဲစကွဲ ထင်ကာ
ရက်စက်စွာ…ပြောသော်လည်း…
ချစ်လင်ကလွဲ ဖွဲစကွဲ ထင်ကာ
အတင်း..ငြင်း…
မချစ်နိုင်ပါ။
သေပေမယ့်လည်း
မခွဲခွာဘူး
ပျို့ချစ်ဦးသာ…။

သစ္စာဆို တိုင်တည်ထား၊
သိကြားမ ကာ အသက်ရှင်လာ
ပျော်မြူးစွာ ကိန္နရီ ကိန္နရာ
မောင်မယ်ချစ်ကြောင်း
နှစ်ပေါင်း…. နှစ်ထောင်ပင်ကြာ။

ဘာကြောင့်မှန်းမသိ စန္ဒကိန္နရီ သီချင်း ရင်ထဲရောက်လာသဖြင့် မှတ်မိသလောက် ပြန်ရေးချလိုက်ပါသည်။ သီချင်းရေးသူကို မမှတ်မိတော့ပါ။ စတင်သီဆိုသူမှာ ခေတ်ဟောင်းအဆိုတော် မလှရွှေထင်ပါရဲ့။ နည်းနည်းပါးပါး စာသားအမှားအယွင်းပါသွားလျှင် ကျွန်တော်ကိုပေါ၏ မေ့လျော့မှုကြောင့်သာ ဖြစ်ပါကြောင်း။

စာကြွင်း။ ။ဤသီချင်းလက်ဝယ်ရှိသူများ MP3 format ဖြင့် ကျနော့်ထံ ပေးပို့ပေးနိုင်ပါက အင်မတန်ကျေးဇူးတင်မည်ဖြစ်ပါသည်။



7 comments:

Anonymous said...

"သစ္စာဆို တိုင်တည်ထား၊
သိကြားမ ကာ အသက်ရှင်လာ
ပျော်မြူးစွာ ကိန္နရီ ကိန္နရာ
မောင်မယ်ချစ်ကြောင်း
နှစ်ပေါင်း…. နှစ်ထောင်ပင်ကြာ။"

သီချင်းကိုသီချင်းလို အနုပညာနဲ့ ခံစားရင်... "အချစ် နဲ့ သစ္စာတရား" ရဲ့အလှကိုမြင်တယ်။

လိုရာဆွဲတွေးရရင်တော့....မြန်မာပြည်သူတွေ..ပြီး သူတို့မြတ်နိုးတဲ့ ဒီမိုကရေစီ...နဲ့ ဗြဟ္မဒတ် နအဖ ကိုမြင်တယ် ကိုပေါရေ။

တန်ခူး said...

သစ္စာတရားမှာ စံနမူနာထားရတဲ့ “စန္ဒကိန္နရီ”ရဲ့ချစ်သူအပေါ် လေးနက်တည်ကြည်မှူက ဒီသီချင်းလေးထဲမှာရှိတယ်။ ကိုပေါရေ...ဒီသီချင်းလေးကို အမှတ်တရပြန်ဖော်ထုတ်ပေးတာ ကျေးဇူးပါ။

Shwun said...
This comment has been removed by the author.
Shwun said...

Dear Ko Paw,
“စန္ဒကိန္နရီ” song can be downloaded from the link below:

http://friend4.wordpress.com/2007/10/27/မြန်မာသီချင်း/

Thanks,
Shwun.

ကိုပေါ said...

ကျေးဇူးအရမ်းတင်ပါတယ် Shwun ခင်ဗျာ။ ကျနော် အဲဒီလင့်ခ်ကို သွားကြည့်တော့ ကျနော်ကြိုက်တဲ့သီချင်းတွေ တော်တော်များများတွေ့ရတယ်။ အခု ဒေါင်းလုပ် လုပ်ကြည့်တာတော့ အဆင်မပြေသေးဘူး။ တခြားကွန်ပြူတာနဲ့ ကြိုးစားကြည့်ဦးမယ်။

Shwun said...

Dear Ko Paw,
With IE, download can be more easier than Firefox. But I can download with both browsers.
Hope you'll be ok.

Shwun

ကိုပေါ said...

Dear Shwun,
ရပြီဗျို့။ ကျေးဇူးအများကြီးတင်ပါတယ်။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs