“ဇာတိမြေ (သို့မဟုတ်) သတိတရ ရှိလှတဲ့အိမ်”......(၁)

Share |
မခင်မင်းဇော်က “ဇာတိမြေ (သို့မဟုတ်) သတိတရ ရှိလှတဲ့အိမ်” ခေါင်းစဉ်နဲ့ ရေးဘို့ တက်ဂ်လုပ်လာပါတယ်။ ကျနော် မရေးရသေးပေမယ့် မဒမ်ပေါက မနေ့က ဘာစိတ်ကူးပေါက်လို့လဲမသိ။ “အိမ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ရေးထားတာကို သူ့ဘလော့ဂ်မှာ ဒီနေ့မနက် ဖတ်ရတယ်။ ကျနော်သဘောကျလို့ မဒမ့်ပို့စ်ကို ခွင့်တောင်းပြီး အရင်တင်လိုက်ပါတယ်။ မဒမ်က ကျနော်တဦးတည်းဖတ်ဘို့ ဘလော့ဂ်တခု ဖွင့်ထားပါသဗျား။ အဲဒီဘလော့ဂ်မှာ သူ့စိတ်ကူးလေးတွေကို ဒီလိုဘဲ ရောက်တတ်ရာရာ ရေးဖွဲ့တတ်ပါတယ်။ ကျနော် တခါက ရေးဘူးသလိုဘဲ ကျနော့်မဒမ်တယောက် ကဗျာဆန်တတ်ပုံနဲ့ ငှက်ချစ်တတ်ပုံကို တစေ့တစောင်း တွေ့နိုင်ပါတယ်။

အိမ်

ငယ်စဉ်တုန်းက ကိုယ့်မိဘအိမ်မှာဘဲ နေချင်တဲ့ဆန္ဒပြင်းပြခဲ့ဖူးတယ်။ ဒါဟာ သဘာဝတရားနဲ့ လွဲချော်ခဲ့ရတဲ့ ကလေးတယောက်ရဲ့ အိပ်မက်ဘဲဆိုပါတော့။

ငယ်ငယ်က စာကလေးအိမ်လေးတွေဝယ်၊ စပါးတွဲလေးနဲ့ တွဲ ချည်ပြီး အိမ်တံစက်မြိတ်မှာ ချိတ်ခဲ့ဖူးတယ်။ သူများတွေကပြောကြတယ်မို့လား...အဲဒါမှကိုယ့်မှာလဲ မိသားစုလေး တမိုးထဲအောက် အတူပြန်နေခွင့်ရမယ်ပေါ့။ ကလေးဆိုတော့ တကယ်ဖြစ်နိုင် မဖြစ်နိုင် သိပ်မစဉ်းစားခဲ့ပါဘူး..ဒီလိုဘဲဆုတောင်းလိုက်တာပါဘဲ။ စာကလေးလေးတွေ စပါးလာစားတာမြင်ရင် ပျော်နေရော။ငှက်ကလေးတွေကို ချစ်တတ်တာလဲပါမှာပေါ့လေ။ဒါပါဘဲ..ကလေးဘဝဆိုတာ။
တခါတခါတော့......ဘယ်လောက်ဘဲကျဉ်းကျဉ်း..ဘယ်လောက်ဘဲစုတ်စုတ်..ဒါ ငါ့မိဘအိမ်ဘဲဆိုတဲ့ အသိကလေးနဲ့ အရာရာကို ရဲရဲယုံကြည်လို့ရတဲ့..သူများမျက်နှာမကြည့်ရတဲ့..သိမ်ငယ်စိတ်ကင်းပြီး ပိုင်ပိုင်နိုင်နိုင်ရှိတဲ့ ဘဝမျိုးကို တောင့်တခဲ့ဖူးတယ်။အမေနေတဲ့ အခန်းကျဉ်းလေးက အဲဒီအရာတွေ အားလုံး ကိုပေးခဲ့တယ်။ စာမေးပွဲဖြေရတဲ့ရက်တွေဆိုအဲဒီအခန်းကျဉ်းကျဉ်းလေးထဲ စာတွေကျက်ခဲ့ရဖူးတယ်။ယာယီခဏ အမေနဲ့အတူနေခွင့်ရခဲ့တဲ့ကာလတွေပေါ့။
နဲနဲပိုပြီးနားလည်တဲ့ အရွယ်ရောက်လာတော့..အမေနဲ့အတူနေခွင့် ပြန်ရလာခဲ့တယ်။.... အကြိမ်ကြိမ် ပြောင်းဟယ်ရွှေ့ဟယ်နဲ့ ငှါးနေခဲ့ရတဲ့ အမေ့ရဲ့ အိမ်တွေကလည်းမနည်းမနောပေါ့။
သြော်...ကိုယ်ပိုင်အိမ်မရှိတဲ့ ဒုက္ခကမသေးဘူးလို့ စပြီး ခံစားလာရပြန်တယ်။။ကိုယ့်အိမ် ဆိုတဲ့ခံစားချက်ကို အပြည့်အဝခံစားလို့မရတဲ့ ဘဝတွေဘဲ။ တန်ရာတန်ကြေးလခပေးပြီးနေတာဆိုတော့ ငယ်ငယ်ကအမျိုးတွေအိမ် မှာနေရသလောက်တော့ စိတ်မကျဉ်းကျပ်ဘူးပေါ့။ သို့သော်လည်း အိမ်ရှင်မျက်နှာတော့ အထိုက်အလျောက်ကြည့်ရသေးတာပါဘဲ။
အိမ်ငှားဘဝမှာကျင်လည်ခဲ့ရတာကတော့ဖြင့် နိုင်ငံနယ်နမိတ်ကိုပါကျော်ခဲ့ရတဲ့အထိ ဆိုပါတော့။ ချစ်သူမျက်နှာ တကျွန်းထင်ပြီးလိုက်ခဲ့ တဲ့စင်ကာပူရွှေမြို့တော်ကြီးမှာ။ ပထမဆုံး နှစ်ယောက်အတူ ငှါးနေဖြစ်တဲ့အခန်းကစလို့ ခုအချိန်ထိ ငါးကြိမ်ပြောင်းခဲ့ဖူးပါတယ်။ ချစ်သူကတော့ တယောက်ထဲနဲ့ကို ရှစ်ကြိမ်လောက်ပြောင်းခဲ့ရသူ။အိမ်အသစ်ရှာ၊အိမ်ပြောင်းရခြင်းဒုက္ခတွေကိုတော့ထပ်ပြီးစာဖွဲ့မပြလိုတော့။နောက်ဆုံးမှာတော့..


ငယ်ငယ်ကတည်းကတောင့်တခဲ့ဖူးသော၊ချစ်သူ နဲ့နှစ်ယောက်အတူစိတ်ကူးယဉ်ခဲ့ဖူးသော၊ သမီးလေးကလိုချင်သည်ဟုပြောပြောနေတတ်သော၊'ကိုယ်ပိုင်အိမ် 'ကလေးတလုံး ပိုင်ဆိုင်ခဲ့လေပြီ။(အိမ်ခန်းလေးဆို ပိုမှန်မည်။)ကဲ..အခုဆို.ပစ္စည်းအားလုံးက ကိုယ်ပိုင်ပစ္စည်းတွေချည်း ၊ ကိုယ်ကြိုက်တဲ့နေရာမှာ ဒရေဖောက်လို့ ချိတ်ချင်တာလေးတွေလဲချိတ်လို့ရပြီ။ ကိုယ်ကြိုက်တဲ့ဆေးရောင်သုတ် ၊ ကိုယ်ကြိုက်သလို ချယ်မှုန်း ၊ ဘယ်အိမ်ရှင်မျက်နှာမှကြည့်စရာလဲမလိုတော့ပြီ ။
သို့သော်....အိမ်ပြောင်းခြင်း၊ အိမ်အသစ်ရှာရခြင်း၊ အိမ်ရှင်မျက်နှာမကြည့်ရခြင်း တို့မှ ကင်းဝေးသွား၍ ဝမ်းသာရသည်မှတပါး 'ပိုင်ဆိုင်ခြင်း'ဆိုတာကို အပြည့်အဝ ခံစားရသည်ဟုမထင်မိ။မျှော်လင့်ထားသလောက်လဲ မပျော်ခဲ့ပါ။
တကယ်တော့ပျော်စရာအကောင်းဆုံးအချိန် ဖြစ်ရမှာမဟုတ်ဘူးလား။
ဒါဆို...ဘာကြောင့်များအပြည့်အဝမပျော်နိုင်ရပါသလဲ။
ပြန်တွေးကြည့်တော့ ရေးရေးလေးသိသလို....။
ငယ်ငယ်က စာကလေးအိမ်လေးတွေချိတ်တော့ ဆုတောင်းတာလိုသွားခဲ့သည်ထင့်....။မိသားစုလေး မခွဲမခွာ ဒီရေဒီမြေမှာ လို့ ဆုတောင်းခဲ့ရမှာ။ ဒါမှ........။

သြော်...ရေမကြည် မြက်မနုပေမယ့်လဲ ကိုယ့်ရေမြေ ၊ကိုယ့်ဒေသရဲ့ ထောင့်တိုင်း နေရာတိုင်း ကိုတော့ မွေးဖွားချိန်ကစလို့... နှလုံးသားက ရင်းနှီးခဲ့ရသည်မဟုတ်ပါလား။
MDP

8 comments:

တန်ခူး said...

ကိုပေါရေ...မဒမ်ပေါကိုပြောပေးပါ...ကျွန်မနှလုံးသားကို ထိရှသွားတဲ့postလေးပါလို့...မဒမ်ပေါကို အများဖတ်လို့ရတဲ့blogလေးတခုလုပ်ဖို့တိုက်တွန်းကြည့်ပါလား။ (postကောင်းကောင်းလေးတွေ ကိုပေါတယောက်ထဲဖတ်နေတာ မနာလိုဘူး...တို့လဲဖတ်ချင်တယ်)

kay said...

ကိုပေါ အမျိုးသမီး ကို.. ကိုယ်ပိုင် ဘလော့ မဖွင့် တောင်.. အဲဒီမှာပဲ.. ကူရေး ခိုင်း ပေါ့.. သူရေး တာ ဖတ် လို့ကောင်းတယ်... ငယ် ငယ် က..အမေ နဲ့ အတူ မနေ ရ တဲ့.. အဖြစ် တွေ ကလည်း..ကိုယ်နဲ့ တထပ် တည်း မို့.. ဖတ်ရင်း..နားလည် လွမ်း ဆွေး မိပါတယ်။

ခင်မင်းဇော် said...

အော် ကိုပေါ ကိုပေါ
မဒမ်ပေါ စာမူနဲ့ လုပ်စားသပေါ့..
ပေါလေစွ ရွှေဥာဏ်တော်ကိုး..
လေးစားပါတယ်..
မဒမ်ပေါက စာရေးကောင်းမှကောင်းပဲ... စာမူခပေးလိုက်ဦးနော်.
(ကိုပေါအား ပထမဆုံးသော တက်ဂ်သူဘွဲ့ရဘလော်ဂါ)

pandora said...

မဒမ်ပေါကို လွတ်လပ်စွာ ဘလော့ဖွင့်လှစ်ခွင့် ပေးလိုက်ပါ
တို့အရီး တို့အရီး....

Tin said...

It's really nice post and also remind me one of sound name (Mother's House) which very famous in burma during 1969 ~ 70. No place like mother home.

ကိုပေါ said...

လာလည်ဖတ်ရှုကြသူအပေါင်းကို ကျေးဇူးတင်ပါတယ်။ မဒမ်ပေါ ဘလော့ဂ်ကို အများပြည်သူကို ဖွင့်လှစ်ပြလို့ မဖြစ်ချေဘူး။ မစ္စတာပေါ ကိုယ်ကျိုးနည်းစရာတွေ ပါတယ်။ အဟိ။
တခြား သီးသန့် ဘလော့ဂ်တခု ထောင်ဘို့တော့ တိုက်တွန်းလိုက်ပါမယ်။

Tin said...

Hi, ko Paw, just for y(our) home.
အမေ့ အိမ်

အ ကို တွေ..အ မ တွေ ရဲ့ အလယ် အမေ က ကျမ ကို ပို ကာ အထွေး ဆုံး မို့  ချစ် တယ် ချစ် တယ်...
အဆိုး အနွဲ့ တွေ နဲ့ မိဘ ရဲ့ အရိပ် မှာ ကွယ် ပူပင် သောက တွေ လဲမရှိ ခဲ့ ပါ တယ်..
လူ့ လောက အလယ် လျှောက်ရတဲ့ အခါ ချစ်ရတဲ့ သူ တွေ့ ရ ပြန် တော့ အမေ့ အိမ် ကို လဲ မေ့ ထား ခဲ့ ပါ တယ်..
ရုန်း ကန် ရင်း ဘဝ မှာ လေ ကွယ် ကျင်လယ် ခံ စား ရ ပြန် များ လာ တော့် အမေ့ အိမ် ကို ဘဲ သမီး အောင့် မေ့ လှ ပါ တယ်..

ဒီ သီ ချင်း လေးဟာ ဟိုး.........လွုန်ခဲ့သော နှစ် ၃၀ လောက်က မြန်မာ့အသံကနေ လာနေ ကြ သီ ချင်း လေး ပါ..
အကြောင်းအမိုးမိုး နဲ့ အမေ့ အိမ် ( မြန်မာပြည် ) ကို ခွဲခါ နေ ရ သူ ညီ အကို မောင်နှမ များအား မျှဝေ ခံစား နိုင် ရန် အတွက် ဖြစ်ပါတယ်.

ကိုပေါ said...

>>>>>တင်........ သီချင်းလေးအတွက် ကျေးဇူးတင်ပါတယ်။ အဲဒီသီချင်းဟာ ကျနော် အင်မတန် နှစ်သက်တဲ့ သီချင်းတပုဒ်ပါဘဲ။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs