“၀မ်းသာစရာ သတင်းတပုဒ်”

Share |
သြော်....မလေးရှားရွေးကောက်ပွဲကတော့ ပြီးသွားချေပြီ တမုံ့။

ဒီတခါတော့ အတိုက်အခံတွေက ပြည်နယ် ၅ ခုမှာ လုံးလုံးလျားလျား ထိန်းချုပ်ခွင့်ရသွား တယ်။ သက်ဆိုင်ရာပြည်နယ်အစိုးရတွေ ဖွဲ့လို့ရသွားတာပေါ့ဗျာ။

ပါလီမန်မှာလည်း အတိုက်အခံတွေက အမတ်နေရာ ၂၂၂ နေရာမှာ ၈၂ နေရာ ( အခုရေးနေတဲ့အချိန်မှာ သုံးနေရာ မဲမရေမတွက်ရသေး) နိုင်လိုက်တယ်ဆိုတော့ အာဏာရ ညွန့်ပေါင်းအဖွဲ့အနေနဲ့ နှစ်ပေါင်းငါးဆယ်ကျော် ထိန်းထားတဲ့ ၃ပုံ၂ပုံကျော် အသာစီးရမှုကိုပါ လက်လွှတ်လိုက်ရတယ်ပေါ့ခင်ဗျာ။

ကျနော့်ရုံးမှာ နေ့လည်စာ အတူစားဖော်စားဘက် မလက္ကာဇာတိ မလေးရှားတရုတ်က အတိုက်အခံကို ပြန်ပြီး မဲထည့်မယ် တကဲကဲ လုပ်နေကတည်းက အတိုက်အခံတွေ အခြေအနေကောင်းမယ်ဆိုတာ ရိပ်မိခဲ့ပါရဲ့။ ဒါပေမယ့် ဒီလောက်ကြီး နိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ သြော်...ဘယ်သူမှလည်း မထင်ခဲ့ကြပါဘူးနော်။

အရင်က ဒုဝန်ကြီးချုပ်ဘ၀မှာ အကျင့်ပျက် အာဏာအလွဲသုံးစားလုပ်မှု၊ ယောက်ျားချင်းလိင်တူ ဆက်ဆံမှု စတာတွေနဲ့ အစွဲခံရပြီး (အဲဒီတုန်းက ၀န်ကြီးချုပ် မဟာသီယာ ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့က လူကြိုက်များလာတဲ့ မစ္စတာ အဏ္ဏ၀ါကို တမင်သက်သက်အကွက်ဆင်ဖမ်းခဲ့တာလို့ အများက ယုံကြည်ခဲ့ကြပါတယ်။ အဲဒီအချိန်က အဲဒီအမှုအတွက် တရားခွင်မှာ လုံးဝ မလွတ်လပ်တာ၊ ဘက်လိုက်တာတွေကတော့ အများမျက်မြင်ပါဘဲ။)အာဏာအလွဲသုံးစားလုပ်မှုနဲ့ ထောင်ကျခံခဲ့ရတဲ့ မစ္စတာ အဏ္ဏ၀ါ အီဗရာဟင်ရဲ့ ဇနီးနဲ့ သမီး နှစ်ယောက်လုံး အမတ်နေရာများ အသီးသီးအရွေးခံရတဲ့အပြင် သူ့တို့ရဲ့ ကယ်ဒီလန်ပါတီကလည်း အမတ်နေရာတော်တော်များများ နိုင်လိုက်သဗျ။ မစ္စတာအဏ္ဏ၀ါမှာ အပြစ်မရှိဘူးလို့ ပြည်သူက ယုံကြည်တာကို သက်သေပြလိုက်သလိုပါဘဲ။ အလားတူဘဲ မစ္စတာ လင်ကစ်ရှန်း ဦးဆောင်တဲ့၊ သက်တမ်းရှည်ကြာလှပြီဖြစ်တဲ့ ဒီမိုကရက်တစ်အက်ရှင်ပါတီ (ဒီအေပီ)ကလည်း အမတ်နေရာအများအပြားနိုင်လိုက်သလို အစ္စလမ္မစ်အတိုက်အခံ ပါ့စ် (ပီအေအက်စ်) ကလည်း ပြည်နယ်နှစ်ခုမှာ အောင်ပွဲခံလိုက်သပေါ့ဗျာ။ တကယ့်ကို မြိုင်မြိုင်ဆိုင်ဆိုင်ကြီးပါဘဲ။ မစ္စတာ လင်ကစ်ရှန်းဆိုတာက ကိုယ်ပိုင်ဘလော့ဂ်ထောင်ထားပြီး မြန်မာ့ဒီမိုကရေစီအရေးကို အမြဲလိုလို အားပေးတဲ့ အတိုက်အခံခေါင်းဆောင် တရုတ်အဘိုးကြီးတဦးပေါ့။

အဲ....နောက်ထပ် ၀မ်းသာစရာတခုက အင်ဒီးယန်းကွန်ဂရက်ကခေါင်းဆောင်၊ အလုပ်သမား ၀န်ကြီးနေရာမှာ ဖင်ကျောက်ချ ထိုင်နေခဲ့တဲ့ ဆမ်မီဗဲလူး ဆိုတဲ့ ပုဂ္ဂိုလ်ကြီး သူ့မဲဆန္ဒနယ်က နေရာမှာ ပြန်အရွေးမခံရတော့တာဘဲဗျို့။ ကျနော် မလေးရှားမှာ အလုပ်လုပ်နေကတည်းက အဲသည်ပုဂ္ဂိုလ်ကြီးရဲ့ အရည်အချင်းမပြည့်မီပုံ၊ ပြည်သူ့ငွေကို ဘုန်းရာမှာ နာမည်ကြီးပုံတွေကို ကြားဘူးနားဝရှိခဲ့သဗျ။ ရွေးကောက်ပွဲမတိုင်မီ အင်ဒီယန်းတွေက သူတို့တန်းတူညီမျှရရေးအတွက် ဆန္ဒပြကြတော့ ဆန္ဒပြ ခေါင်းဆောင်တွေကို ဖမ်းဆီးတဲ့နေရာမှာ အဲသည် ပုဂ္ဂိုလ်ကြီးက ကိုယ့်လူမျိုးဘက်က မကာကွယ်ဘဲ အစိုးရနဲ့ အလိုတူအလိုပါ ဖမ်းဆီးစေဘို့ သဘောတူခဲ့တော့ သူ့လူမျိုးတွေက ဘယ်ကြည်နိုင်ပါ့မလဲဗျာ။ အဲ...အဲ....ဘယ်လောက်အထိ လူထုက အစိုးရကို မကြည်လဲဆိုတော့ အဲဒီတုန်းက အဖမ်းခံခဲ့ရတဲ့ ဆန္ဒပြခေါင်းဆောင် ရှေ့နေတယောက် ဒီအေပီ ပါတီကနေ ၀င်ပြိုင်တာတောင် အနိုင်ရခဲ့တယ်ခင်ဗျ။

သြော်....အဲသည် သတင်းတွေကို ညမအိပ်နိုင်ဘဲ စောင့်နားထောင်နေပြီး ကျနော့်မှာ ရင်တွေခုန်၊ ၀မ်းတွေသာ ဖြစ်နေခဲ့တယ်။

အရှေ့တောင်အာရှနိုင်ငံတွေ တခုပြီးတခု ဒီမိုကရေစီအသွင်ကူးပြောင်းနေကြတာပေါ့ခင်ဗျာ။ အင်ဒိုနီးရှားဆိုရင် အခု ဒီမိုကရေစီလမ်းပေါ်မှာ မှန်မှန်ကန်ကန် ရောက်ရှိနေပြီ။ ဖိလိပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံတွေ အနေနဲ့ကလည်း တော်တော်ကြီးကို လွတ်လပ်တဲ့ အခြေအနေတွေ ရှိနေပြီ။ ဟော....အခုမလေးရှားကလည်း အရင်ကထက် ပိုမိုပွင့်လင်း လွတ်လပ်လာဘို့ အရိပ်အယောင်တွေ မြင်နေရပြီ။ အာဏာရှင်တွေကတော့ ပြောမှာပေါ့ဗျာ။ ဒီမိုကရေစီရသွားတဲ့ ဖိလစ်ပိုင်တို့ ထိုင်းတို့ မလေးရှားတို့မှာ ဆန္ဒပြပွဲတွေနဲ့ အမြဲတစေ ရုတ်ရုတ်ရက်ရက်။ တည်ငြိမ်မှုမရှိဘူးလို့လေ။
ဒါပေမယ့် ဒါတွေဟာ ဒီမိုကရေစီစနစ်မှာ မလွဲမသွေကြုံတွေ့ရမှာဘဲ။ တိုင်းပြည်လွတ်လပ်လာတာနဲ့အမျှ လွတ်လပ်စွာထုတ်ဖော်ခွင့်တွေကို လူတွေက ဒီလိုဘဲ ကျင့်သုံးလာကြမှာဘဲ။ ဒါဟာ ဆုတ်ယုတ်မှုမဟုတ်ပါဘူး။ ခေတ်မီတိုးတက်တဲ့ အနောက်ဥရောပက နိုင်ငံတွေမှာလည်း ဒီလိုဘဲ ဆန္ဒပြပွဲတွေကတော့ ရှိနေတာပါဘဲ။ ဒါကို နိုင်ငံမတည်ငြိမ်မှုလို့ ပြောလို့မရပါဘူး။ မြန်မာနိုင်ငံ၊ စင်္ကာပူနိုင်ငံတွေမှာလို အာဏာရှင်စနစ်နဲ့ ဆန္ဒပြပွဲတွေ ဖြစ်မလာအောင် ဖိနှိပ်အုပ်ချုပ်ထားလို့ အပေါ်ယံတည်ငြိမ်နေသယောင်ထင်ရပေမယ့် တကယ့်တကယ်မှာ တင်းမာနေတဲ့ မျက်နှာပြင်အောက်က မကျေနပ်မှုတွေဟာ အချိန်မရွေးပေါက်ကွဲနိုင်တဲ့ မီးတောင်တခုနဲ့ အလားသဏ္ဍာန်တူလှပါတယ်။ ပြည်သူလူထုမှာလည်း စားဝတ်နေရေးပြေလည်နေဦးတော့။ စစ်မှန်တဲ့ လွတ်လပ်ခွင့်၊ တန်းတူရည်တူ ရှိမှုတွေကို မခံစားရပါဘူး။ အနည်းဆုံး တရားရုံးမှာ နိုင်ငံခေါင်းဆောင်တယောက်နဲ့ သာမန်ပြည်သူတယောက် ရင်ဆိုင်အမှုဖြစ်ရင် သာမန်ပြည်သူမှာ လွတ်လပ်ပြီး ညီမျှတဲ့ တရားစီရင်မှုကို မခံစားရပါဘူး။ (လေ့လာကြည့်နိုင်တဲ့ သာဓကတွေ အများကြီးပါ)။ စောစောကပြောတဲ့ စားဝတ်နေရေးပြေလည်မှုဆိုတဲ့ စီးပွားရေး အသွင်အပြင်တခုတည်းနဲ့ အစိုးရနဲ့ ပြည်သူအကြား နှောင်တည်းမှုကို ပြုထားတော့ တစုံတခုသောအခြေအနေအရ စီးပွားပျက်ကပ်ဆိုက်လာတဲ့အခါ ပြည်သူနဲ့ အစိုးရကြားက အဲဒီ တခုတည်းသော နှောင်ဖွဲ့မှုဟာ ပြတ်တောက်သွားပြီး ပြည်သူက အစိုးရကို ဆန့်ကျင်တော်လှန်တော့တာပါဘဲ။ အဲသည်အခါမှာ ငြိမ်ဝပ်ပိပြားရေး၊ တည်ငြိမ်ရေးကိုသာ ပဓာနထားတဲ့ အာဏာရှင်အစိုးရတွေဟာ အဲသည် ဆန့်ကျင်တော်လှန်မှုတွေကို ရက်ရက်စက်စက် နှိပ်ကွပ်တော့တာပါဘဲ။ ဒါဟာ ပြဿနာကို မှန်ကန်စွာ ဖြေရှင်းတာ မဟုတ်လို့ လတ်တလော နှိပ်ကွပ်မှုကြောင့်သာ ခေတ္တခဏ ငြိမ်သက်သွားပေမယ့် လုံးဝမီးသေသွားတာမျိုးမဟုတ်ဘဲ တကြိမ်မဟုတ် တကြိမ်မှာ ပြန်လည်ပေါက်ကွဲပြန်ပါတော့တယ်။ ဒါကြောင့်မို့ အာဏာရှင်စနစ်မှာ အပေါ်ယံကြည့်ရင် တွေ့မြင်ရတဲ့ တည်ငြိမ်မှုဟာ စစ်မှန်တဲ့ တည်ငြိမ်မှုမျိုးမဟုတ်။ အသက်ရှိနေသေးတဲ့ မီးတောင်တခုရဲ့ ငြိမ်သက်မှုမျိုးသာဖြစ်ပါတယ်။

ဒီတော့...ကျနော် အခုလောလောဆယ် ခေတ္တအခြေချနေတဲ့ စင်္ကာပူမှာရော။ ဘဘလီတို့ အနေနဲ့ အိမ်နီးချင်းတွေ ဘယ်လိုဘဲ ဒီမိုကရေစီဖြစ်ဖြစ်၊ ငါတို့ကတော့ Uniquely Singapore ဘဲလို့ ဘယ်လောက်ကြာကြာ ဆက်လက်ပြီး မျက်စိပိတ်အော်နေနိုင်မလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့။

ကျနော်.....တခါတခါကျတော့ စဉ်းစားမိတယ်။ သြော်....ငါတို့ မြန်မာပြည်သာ ဥရောပ နိုင်ငံတွေ ကြားထဲမှာ ရှိနေခဲ့ရင် ၁၉၈၈ နောက်ပိုင်းမှာ ဒီမိုကရေစီ ဖြစ်တာ ကြာခဲ့ရော့မယ် ပေါ့လေ။ အခုတော့ တံငါနားနီး တံငါ၊ တရုတ်နားနီး တရုတ် အဲလေ...မုဆိုးနားနီး၊ မုဆိုး ဆိုတာလို အာဏာရှင်ဝဲဂယက်က လွတ်မထွက်နိုင်သေးဘူးဖြစ်နေတယ်။

ကျနော်ထင်ပါတယ်။ ကျနော်တို့ မြန်မာပြည်သာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ပြီဆိုရင်၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၀န်ကြီးချုပ်ရာထူးမှာ တာဝန်ထမ်းဆောင်နေပြီဆိုရင်......အာဆီယံ ခေါင်းဆောင်တွေ ဆွေးနွေးတဲ့ စကားဝိုင်းတွေမှာ ဒေါ်စုဟာ ဒီမိုကရေစီမကျင့်သုံးတဲ့ နိုင်ငံက ခေါင်းဆောင်တွေကို တော်တော်ဘဲ ဘေးကြပ်နံကြပ်ဖြစ်အောင် လုပ်နိုင်လိမ့်မယ်လို့ တွေးမိပါတယ်။ အဲဒီအတွက် စိုးရိမ်စိတ်နဲ့များ စင်္ကာပူက နအဖကို သက်ဆိုးရှည်အောင် အကူအညီအထောက်အပံ့တွေ ပေးနေသလားလို့တောင် တွေးတောမိပါတော့တယ်။ ဒီအတွေးတွေကို ဘဘလီကို ပြန်မပြောကြနဲ့နော်။ တော်ကြာ အနော့်ကို အသရေဖျက်မှုနဲ့ တရားစွဲလို့ အနော့်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒေ၀ါလီခံနေရဦးမယ်။ ထူးပါဘူးလေ။ အခုလည်း ပိုက်ပိုက်က ရှိတာဟုတ်ပါဘူး...ဟီး။

4 comments:

Anonymous said...

In Europe, Crete was ruled by non democratic government until 1970s.
Turkey, which is also in Europe, frequently experienced coups. Spain is fully democratic not long ago. Newly built Scotish parliment in Ediburgh is a classic example of sleaziness and self important politicians, since all politicians and their assistants want corner office, it was built in such a way that everyone sits in corner office and it is a white elephant public project wasted tax payer money. In Poland, twins are running the country and they are not known to be too open minded or business friendly or agile or benevolent.

So it is not incorrect to claim that EU countries also have their own shortcomings. In my opinion, Singapore's PAP could easily won election in any European country.

Anonymous said...

ကိုပေါရေ...တကယ်သတင်းကောင်းပါဘဲ။
မနေ့က ကိုယ့်နိုင်ငံရွေးကောက်ပွဲမဟုတ်ဘဲနဲ့တောင် resultတွေကြည့်ပြီးရင်ခုန်လိုက်ရသေးတယ်။ဘာဘဲပြောပြောလွတ်လပ်ခွင့်ရှိမယ်.မဲလိမ်မှူတွေမရှိဘူးဆိုရင် ပြည်သူတွေရဲ့ဆန္ဒအမှန်ပေါ်ထွက်လာဖို့်မခက်ဘူးဆိုတာမြင်သာပါတယ်။ တို့များရဲ့ နအဖကတော့ အဲဒီနှစ်ချက်ရဲ့ ပြောင်းပြန်နဲ့အညီကျင်းပဖို့ပြင်ဆင်နေတာကလဲ မြင်သာလွန်းလှပါတယ်။
( အန်တီစု ကိုဒီနေ့မနက် CNA news မှာခဏလေးမြင်လိုက်ရတာရှေ့မှာမြင်နေရတဲ့တိုက်ပွဲအတွက်စိတ်ဓါတ်ခွန်အားအသစ်တွေကို ဖြစ်စေခဲ့တယ်)

ကိုပေါ said...

Anonymous>>>>>> Even in Singapore, if the ruling party dares to remove the unjust election laws and the strict control on the media, it will surely lose the majority win it has been enjoying so far. I think you have more confidence in them than themselves. :-)

But of course, if they were to use this election machinery and their control on the media, they could win any election, even on an alien planet.

ထနောင်းရေ.........နည်းပညာနဲ့ ကမ္ဘာ့နိုင်ငံရေးပြောင်းလဲမှုရေစီးကြောင်းကလည်း ကျနော်တို့ဘက်မှာပါဗျာ။ ဒီခေတ်ကြီးထဲမှာ “ငါက အားလုံးထက် ခေါင်းတလုံးသာတယ်။ ငါလုပ်သမျှမှ အကောင်းဆုံး”ဆိုပြီး ငါတကော ကောနေတဲ့ အပြုအမူမျိုးကို လူအများက လက်မခံကြတော့ပါဘူးဗျာ။ အားလုံးဟာ တန်းတူရည်တူ အခွင့်အရေးကို တောင်းဆိုလာကြပါပြီ။ ကိုယ့်ကြမ္မာကို ဘယ်သူကမှ လူတဦးတယောက်ရဲ့ လက်ထဲမှာ ဆုံးဖြတ်ဘို့ ထည့်မပေးချင်ကြတော့ပါဘူး။ ကိုယ့်ကြမ္မာကို ကောင်းကောင်းဆိုးဆိုး ကိုယ့်ဘာသာဘဲ ဖန်တီးလိုကြပါတယ်။

Ko Boyz said...

Keep up the good post. Thanks for sharing the inner view of the country.

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs