“တဆောင်းသစ်ပြန်ပြီ”

မှုန်ပြာရီ….
ရာသီတွေ…ပြောင်း…
တဆောင်းသစ်ပြန်ပြီ….
ငွေနှင်းမှုန်မှုန်….သုန်သုန်လေမြူး
ဟေမာန်ဦး…ကူးခဲ့ပြီ။

(ကိုသန်းလှိုင်၏ “တဆောင်းသစ်ပြန်ပြီ်” သီချင်းမှ)

ကျနော် ငယ်ငယ်က အသည်းစွဲနှစ်ခြိုက်ဘူးသော မောင်သိန်းဆိုင်၏ နာမည်ကျော် ရေနံ့သာခင်ခင်ကြီးဝတ္ထုကို သတိရမိပါတယ်။ ဇာတ်ကောင် ဒေါ်ရေနံ့သာခင်ခင်ကြီးဟာ သူမနေထိုင်ခဲ့ရာ ရေနံ့သာ စံအိမ်ကြီးအပေါ်မှာ အင်မတန်သံယောဇဉ်ကြီးလှသူ။ ရာသီအကူးအပြောင်းမှာ သူမအကျဉ်းကျနေရာ အချုပ်ခန်းလေးထဲကနေ ….“အင်း၊ ခုအချိန် ရေနံ့သာမှာဆိုလျှင်တော့”…. ဟူသော အတွေးမျိုးဖြင့် လွမ်းမောနေတတ်သူ။

ကျနော် ယခုရောက်ရှိနေရာ စင်ကာပူနိုင်ငံကတော့ ရာသီအလှည့်အပြောင်း ရင်ခုန် လွမ်းမောဘွယ်ရာမရှိ။ မိုးရွာခြင်းနှင့် နေပူခြင်း နှစ်မျိုးတည်းသာ ရှိသော နိုင်ငံပါတကား။ ဘယ်အချိန်မိုးရွာမယ်ဆိုတာကိုလည်း ကြိုတင်ခန့်မှန်းလို့မရ။ အခုဘဲ ကြည်လင်နေရာက ချက်ချင်းလက်ငင်းဆိုသလို ကောင်းကင်တွင် တိမ်ညိုတွေ အလျှင်အမြန် အုံ့မှိုင်းဖွဲ့ကာ ဗြုန်းစားကြီး ရွာချတတ်ပါတယ်။ ပြီးတော့ မိုးတိတ်သွားတာနဲ့ စောစောက ရွာချခဲ့တာက သူမဟုတ်သယောင်ယောင်။ ခဏအတွင်းမှာဘဲ ကြည်လင်တဲ့ကောင်းကင်နဲ့ နေကျဲကျဲပူလျက်။

အင်း....အခုအချိန် မြန်မာပြည်မှာ ဆိုလျှင်တော့…………။

♦ ♦ ♦ ♦

ကျနော်တို့ တိုင်းပြည်မှာ နွေမိုးဆောင်း ရာသီဥတု သုံးမျိုးအနက် ကျနော်က ဆောင်းရာသီကို အကြိုက်နှစ်သက်ဆုံး။ ဆောင်းရာသီမှာမှ အညာဆောင်းကို ရန်ကုန်ဆောင်း ထက် ပိုသဘောကျသည်။ ကျနော် တက္ကသိုလ်တက်နေစဉ်ကာလများမှာ ရန်ကုန်ဆောင်း က သိပ်မအေးလှတော့။

အညာမှာတော့ သည်သို့မဟုတ်။ အချုပ်တန်းဆရာဖေရဲ့ ကဗျာထဲက….“ခန်းဆောင်ရွှေ ရဝေအတွင်းမှာလ၊ ချမ်းပေါင်လေ တဖေတင်းသော်လည်း၊ ဖြေရင်းရယ်တဲ့ခိုက်ခိုက်တုန်…” ဆိုတာလို အင်မတန် အရိုးကွဲမတတ် အေးတာချမ်းတာမျိုးကလား။ ကျနော်အိပ်တော့ မယ်ဆိုရင် အမေက အောက်မှာ ဂွမ်းစောင်လေးခံပြီးမှ အပေါ်က အညာစောင် အထပ်ထပ်ကပ်ပြီးခြုံပေးတာ။ စောင်ပုံအောက်ရောက်သွားမိရင် အပေါ့အပါးသွားဘို့တောင် ပြန်မထွက်ချင်တော့လောက်အောင် ဇိမ်ရှိတာမျိုး။

မနက်ကျတော့ နေမြင့်အောင် အိပ်နေတာမျိုးမဟုတ်ဘူး။ ဆောင်းတွင်းဆိုရင် အမေက ကောက်ညှင်းတို့ဘာတို့ အစောကြီးထပေါင်းတတ်တယ်။ အဲသည်မှာ မီးဖိုဘေးနားမှာ စောင်ခြုံနဲ့ သွားထိုင်ပြီး မီးလှုံတတ်တယ်။ ခေါင်းမှာက သိုးမွှေးဦးထုပ်ကို နားရွက်တွေပါ လုံအောင် ဆွဲချထားရတယ်။

ကျနော်ဆယ်တန်းဖြေပြီး ရွာပြန်သွားတော့ ပိုက်ဆံလိုချင်တာနဲ့ မနက်စောစောထပြီး မြေပဲခင်းမှာ ပေါင်းထိုးတာတို့၊ မြေဆွပေးတာတို့ နေ့စားလိုက်လုပ်တယ်။ အဲသည်တုန်းက အလွန်ဆုံးရလှ တမနက်ကို ငါးကျပ်၊ တဆယ်ပေါ့။

ဟား….မနက်ဝေလီဝေလင်း တူရွင်းလေးတွေ ကိုယ်စီနဲ့ ရွာပြင်ကို ထွက်လိုက်ရင် နှင်းမြူထုကြီးက ကိုင်းပြင်တလျှောက်လုံးကို ဖုံးထားတယ်။ အဝေးကိုမမြင်ရဘူး။ ပိတ်ပိတ် ပိန်းနေတာ။ ကုလားပဲခင်းတွေကြား လူသွားလမ်းလေးတွေကနေ ဖြတ်လျှောက်ရ တယ်။ အဲသလိုနဲ့ မုန်းချောင်းကို အရင်ရောက်တယ်။ အိုး….မုန်းရေပြင်ပေါ်မှာ အငွေ့တွေ တထောင်းထောင်းထနေတဲ့ မြင်ကွင်းကို သတိရမိသေးတော့။

မြေပဲခင်းက မုန်းချောင်းရဲ့ တဖက်ကမ်း၊ မြေနုကျွန်းပေါ်မှာ။ မုန်းချောင်းကို ဖြတ်ရမယ်။ ရေထဲကို မနက်စောစော ချမ်းချမ်းစီးစီးနဲ့ဖြတ်ရမှာမို့ ကြက်သီးတွေ ထနေသလား။ နိုး…နိုး…နိုး။ မုန်းရေက ပတ်ဝန်းကျင်အအေးဓါတ်နဲ့ ဆန့်ကျင်ဘက် နွေးနွေးလေးဖြစ်နေတယ်။ ရေအတိမ်ဆုံးနေရာကနေ ခါးတောင်ကျိုက်ပြီး ဖြတ်ကူးကြရတယ်။

နောက်တော့ မြေပဲခင်းထဲမှာ စပြီး တူးကြဆွကြတဲ့အချိန် နေလုံးက ဟိုး ရှမ်းရိုးမတွေအပေါ်ကနေ ဖြည်းဖြည်းချင်းထွက်လာတယ်။ စထွက်လာကာစမှာ ပတ္တမြားလုံးကြီးနဲ့ အရမ်းတူတာဘဲ။ အဲသည်ကနေ တဖြည်းဖြည်းမြင့်တက်လာတော့ နှင်းမြူတွေလည်း တစတစနဲ့ ကျဲပါး ပျောက်ကွယ်သွားတော့တာပေါ့။

တမနက်မှာ မြေပဲခင်းထဲ ပေါင်းထိုးနေရင်းက ခပ်လှမ်းလှမ်းမှာ ရွှေရောင်လက်လက် အရာတခုကို မြင်လို့ သူများမဦးခင် ခပ်သွက်သွက်ကလေး ထပြေးကြည့်ရတယ်။ မုန်းရေနဲ့အတူ တိုက်စားပြီးပါလာတဲ့ ရွှေစလေးများလား။ ဘယ်ဟုတ်လို့လဲ။ မြက်ရဲ့အဖျားမှာ သီးနေတဲ့ နှင်းစက်ကလေးကို နေရောင်ထိုးလို့ လက်နေတာကိုး။ ရှက်ရှက်နဲ့ ကိုယ့်နေရာကိုယ်ပြန်လာရတယ်။ အတူပေါင်းထိုးနေတဲ့ သူငယ်ချင်းတွေက ၀ိုင်း ရယ်ကြတယ်။ “ဒီကောင် ပွပြီဆိုပြီး ပြေးကြည့်တယ်” ပေါ့။

အဲသည်တုန်းက ကျနော်တို့အားလုံး ဘယ်သူ့မှာမှ နာရီမပါကြဘူး။ ၀တ်လဲမ၀တ်ကြဘူး။ ရွာထဲက ဘုန်းကြီးကျောင်းက ဆွမ်းစားခေါင်းလောင်းထိုးသံနားထောင်ပြီး အချိန်ကို ခန့်မှန်းကြတယ်။

ကျနော်တို့ ငယ်ငယ်မူလတန်းကျောင်းသား၊ အလယ်တန်းကျောင်းသားဘ၀ကဆို ဆောင်းတွင်း မနက်တွေမှာ မဆော့ကြဘူး။ အဲသည်လို နေရောင်အောက်မှာ သိုးမွေးဦးထုပ် ကလေးတွေကိုယ်စီဆောင်းလို့ တန်းစီ နေစာလှုံ၊ စကားပြောကြ။ ကျောင်းတက် ခေါင်းလောင်းထိုးတော့မှ ကျောင်းပေါ်တက်ကြတာကိုး။

စင်ကာပူမှာ သင်တို့ ဘယ်နှခါများ မနက်စောစော နေစာလှုံဘူးပါသလဲ။ အဲ…ဆင်တိုစာ ကမ်းခြေက နေ့လည်ခင်း နေပူကျဲကျဲအောက်မှာ ရေကူးဝတ်စုံနဲ့ နေလှန်းခံနေသော နေစာလှုံသူများ ကိုတော့ အံ့သြဘွယ်ရာ တွေ့ရသည်ပ။ စင်ကာပူနိုင်ငံသားတွေကို ရာသီအလှည့်အပြောင်းရဲ့ ရင်ခုန်ဘွယ် ခံစားချက်ကလေးတွေကို ပြောပြလည်း သင်းတို့ သဘောမပေါက်နိုင်ကြ။

“ဟေ့…ငါတို့ တိုင်းပြည်က မတိုးတက်ပေမယ့် ချစ်စရာ အရမ်းကောင်းတယ်ကွ။ မင်းတို့ မသိကြဘူးလား။ တိုးတက်မှု၊ ဖွံ့ဖြိုးမှုတွေက လုပ်ယူလို့ ဖြစ်ပေမယ့် ဟောသည်လို သဘာဝက ပေးတဲ့လက်ဆောင်တွေက လုပ်ယူလို့ မရနိုင်ဘူး။ မှတ်ထားကြကွယ့်”

“ဟောသည်မှာ ခ၀ဲ၊ ခွာညို၊ သဇင်။ ဆောင်းရာသီမှာမှ ပွင့်တဲ့ ပန်းတွေ။ ရာသီအလိုက် ပွင့်တဲ့ပန်းတွေ။ မိန်းကလေးတွေကလည်း ရာသီအလိုက် ပန်ဆင်မြန်းကြ။ ငါတို့ဆီမှာ မိန်းကလေးတွေ ပန်းပန်ကြတယ်ကွ။ ပန်းဆိုတာ စားပွဲပေါ်က ပန်အိုးထဲမှာတင် ထိုးရတာမျိုးမဟုတ်။ ငါတို့ချစ်တဲ့ အန်တီစု ပန်းတွေပန်ထားရင် ဘယ်လောက် ကျက်သရေ ရှိသလဲ။ မကြာခင် သဇင်တွေ ပွင့်ဦးတော့မယ်။”

အဲသည်လိုမျိုးလည်း ကျနော်က တခါတရံ ကျနော့်ဘာသာ စိတ်ထဲမှာ ကျိတ်ပြီးတော့ ကြွေးကြော်နေတတ်တာမျိုး။ တချိန်မှာ ကျနော်တို့ မြတ်နိုးတဲ့အရာတွေအားလုံးကို လွတ်လပ်မှု နဲ့အတူ ပြန်လည်ရရှိကြဦးမှာပါ။ အဲသည်အချိန်ကျရင် အမျိုးသားအောင်ပွဲနေ့လို၊ လွတ်လပ်ရေးနေ့လို ဆောင်နှင်းမြူအောက် ကျင်းပရတဲ့ အခမ်းအနားမျိုးတွေမှာ ကျနော်တို့ ချစ်တဲ့ အန်တီစုကို သဇင်ပန်းတွေ၊ အပြုံပန်းတွေ ဝေနေအောင်ဆင်မြန်းထားတာကို ကျနော်တို့အားလုံး မြင်တွေ့ကြရဦးမှာပါ။

သြော်......အခုအချိန် မြန်မာပြည်မှာ ဆိုလျှင်တော့…………။

ကိုပေါ။
(၂၈ ရက်။ နိုဝင်ဘာလ။ ၂၀၀၇ ခုနှစ်)


Read more

“အော့ချာ့ဒ်လမ်း ဆန္ဒပြပွဲ ဗီဒီယိုမှတ်တမ်း”

အာဆီယံ ထိပ်သီးဆွေးနွေးပွဲ စင်ကာပူမှာ ကျင်းပနေစဉ် စင်ကာပူရောက် မြန်မာတွေ အော့ချာ့ဒ်လမ်းမပေါ် ဆန္ဒပြခဲ့တဲ့ ဗီဒီယို အခု Youtube မှာ ကြည့်ရှုနိုင်ပါပြီ။ သည် ဗီဒီယိုက ဆန္ဒပြပွဲကို တော်တော်လေး ခြုံငုံမိတဲ့ ဗီဒီယိုပါ။


http://www.youtube.com/watch?v=0t3RYT6Xwds

ကိုပေါ။
(၂၆ ရက်။ နိုဝင်ဘာ။ ၂၀၀၇ ခု။)
Read more

“ပို့စ်တခုအား ဖယ်ရှားခြင်း”

အာဆီယံချာတာကို နအဖ ဘယ်လိုသဘောထားသလဲ ဆိုတဲ့ပို့စ်ကို ပြန်ဖြုတ်လိုက်ပါတယ်။

အကြောင်းကသည်လိုပါ။
ဒီနေ့ မဇ္ဇျိမ သတင်းဌာနကို သွားဖတ်ဖြစ်တော့မှဘဲ အဲသည်မှာ ကာတွန်းဆရာ ဆရာဟန်လေးရဲ့ ကာတွန်းကလေးကို မြင်တော့တယ်။ ဆရာ့ကာတွန်းလေးကလည်း ကျနော်မနေ့ညကမှ တင်ထားတဲ့ကာတွန်း သဘောတရားမျိုးပါဘဲ။ တကယ်ဘဲ တိုက်ဆိုင်တာပေါ့ဗျာ။ ကြားဘူးတယ်မို့လား....“Great minds think alike” ဆိုတာလေ..အဟိ။ ဒါပေမယ့် သူတင်ထားတဲ့ ရက်စွဲက ကျနော့်ထက်လည်း စောတယ်။ လက်ရာကလည်း အထူး ပြောစရာမလိုပေါ့ဗျာ။ သည်တော့ ကျနော်ဟာ ဆရာဟန်လေးရဲ့ လက်ရာတွေကို အင်မတန် မြတ်နိုးတဲ့ ပရိတ်သတ် တယောက်ဖြစ်တာနဲ့ အညီ (အမှန်က “ကော်ပီကက်”လို့ ကွယ်ရာမှာအတင်းအုပ်ခံရမှာ ကြောက်တာလဲပါတယ်..) မူပွားပုံစံဖြစ်နေတဲ့ ကျနော့် ရင်သွေး ကာတွန်းလေးကို (နှမြောတသစွာနဲ့) ပြန်ဖြုတ်လိုက်ပါတယ်။ သြော် အနိစ္စ...အနိစ္စ...အနိစ္စ.....အီးဟီးဟီး....အဟင့်....(မှတ်ချက်။.........။ကဒေါင်းညင်သာ နှင့် တွဲပြီးကတည်းက ဒီလိုဒီလို ငိုတတ်ရယ်တတ်လာပါတယ်...ဟိဟိ)

ကိုပေါ။
(၂၅ ရက်။ နိုဝင်ဘာ။ ၂၀၀၇ ခုနှစ်)
Read more

“ရဲစခန်းမှာ....(၂)”

ပညတ်သွားရာ ဓါတ်သက်ပါတဲ့။

ကျနော့်ဘလော့ဂ်ကလေးကို “ပိတောက်ရိပ်”လို့နာမည်ပေးဖြစ်ပုံက ကွယ်လွန်သူ ရုပ်ရှင်မင်းသားကြီး ၀င်း ဦးရဲ့ “အို...အို....အို...ပိတောက်ရိပ်ဝယ်.....မှေးအိပ်လို့မပျော်တယ်....မဖြေသာအတွေး....ရွှေမာလာလေး...သက်သေ ထားမိပါသေးတယ်...” ဆိုတဲ့ သီချင်းလေးကို သဘောကျနှစ်သက်လို့ပါ။

ပြောပြရင်ယုံနိုင်ဘွယ်ရာမရှိဘူး။ အဲသည်နာမည်ပေးပြီးကတည်းက ကျနော်တယောက် ညဘက်တွေမှာ အိပ်ရေးတွေပျက်ပြီး အိပ်ရေးမ၀တာ ယခုချိန်အထိ ပါဘဲ။ တခါတခါ ကြားရက်တွေမှာ မနက် ၄ နာရီလောက်မှ အိပ်ရာဝင်ရတဲ့အခါတွေတောင် ရှိပါတယ်။

အခုလည်း “ရဲစခန်းမှာ....” ဆိုတဲ့ ခေါင်းစဉ်လေးကို နံပါတ်စဉ် (၁)၊(၂) ထိုးမိတဲ့အတွက် နောက်ထပ် (၃) တွေ၊ (၄) တွေပါ ရေးရမယ့်အရိပ်အယောင်တွေ မြင်နေရပါတယ်။

ရဲစခန်းမှာ...(၁)ကိုရေးစဉ်က ကျနော်တို့ ဇနီးမောင်နှံ တတိယအကြိမ်မြောက် ရဲစခန်းရောက်ခဲ့စဉ်က အဲသည်မှာ ပြောခဲ့တဲ့အကြောင်းတွေကို အနှစ်ချုပ်လိုမျိုး ရေးသားခဲ့ပါတယ်။ အခုပို့စ်မှာတော့ အဲသည်တုန်းက မဖော်ပြဖြစ်ခဲ့တဲ့ ဆွေးနွေးစကားတချို့နဲ့အတူ ပထမ နှစ်ကြိမ်ရဲစခန်းရောက်စဉ်က အကြောင်းအရာတချို့ကိုပါ နည်းနည်း ဖြည့်စွက်ကာ တောက်လျှောက်သဘောမျိုး ပြန်ပြောပြချင်ပါတယ်။

အားလုံးသိကြတဲ့အတိုင်း ကျနော်တို့ ရဲစခန်းကိုရောက်ရခြင်းအကြောင်းကတော့ ရဲခွင့်ပြုချက် မပါဘဲ လူငါးယောက်ထက်ပိုပြီး (မြန်မာလေးဆယ်ခန့်) အော့ချာ့ဒ်ဘူတာကနေ ပင်နင်ဆူလားပလာဇာအထိ တရားမ၀င် စီတန်းလမ်းလျှောက်မှုကြောင့်ပါဘဲ။

အဲသည်အတွက် ပထမဆုံးတကြိမ်မှာ ရဲတွေကိုယ်တိုင် အိမ်တိုင်ရာရောက် အရောက်လာပြီး တန်လင်းရဲဌာနချုပ်သို့လာရောက်အစစ်ခံရန် ဆင့်ခေါ်စာကို ပေးခဲ့တယ်။ ရဲစခန်းကို သွားတော့ လမ်းလျှောက်ပွဲနဲ့ ပတ်သက်လို့ စစ်ချက်ယူပါတယ်။ စစ်ချက်ယူတယ်ဆိုတာက ကျနော်တို့ကို ရိုးရှင်းတဲ့မေးခွန်းလေးတွေ မေးပြီး ကျနော်တို့ရဲ့ အဖြေကို ကွန်ပြူတာနဲ့ တလုံးချင်းလိုက်ရိုက်။ ပြီးရင် မှန်မမှန် စစ်ဆေးရပြီး လက်မှတ်ထိုးပေးရတဲ့သဘောပါ။ ကျနော့်ကို စစ်တဲ့ရဲအရာရှိရဲ့ စာရိုက် နှေးကွေးမှုကြောင့် အဲဒီနေ့က ၂ နာရီလောက်တော့ အချိန်ပေးခဲ့ရသပေါ့။

ဒုတိယအကြိမ်ကတော့ “ဆိုင်းမဆင့် ဗုံမဆင့်”လို့ပြောရမယ်။ တခုသော သောကြာနေ့ ညနေခင်းမှာ အလုပ်ကအဆင်း၊ မြို့ထဲက မိတ်ဆွေတွေနဲ့ ချိန်းထားတဲ့နေရာကိုအသွား လမ်းခရီးမှာ အမည်မသိ ဖုန်းနံပါတ်တခုက ဖုန်းဆက်လာပါတယ်။ ခေါ်သူရဲ့ နံပါတ်မပေါ်ပါဘူး။ တဖက်ကပြောနေတဲ့အသံက စင်္ကာပူနိုင်ငံသား တရုတ်အမျိုးသမီးတဦးရဲ့ အသံ။ အသံပိုင်ရှင်က သူ့ကိုယ်သူ ရဲလို့ မိတ်ဆက်ပြီး တန်လင်းရဲစခန်းဟောင်းကို ည ၉ နာရီခွဲ အရောက်လာဘို့ပြောတယ်။

ကျနော်တို့အနေနဲ့ ပထမဦးဆုံး သူမဟာ ရဲအစစ် ဟုတ်မဟုတ် သံသယရှိပါတယ်။ နောက်တချက်က သူပြောတဲ့ တန်လင်းရဲစခန်းဟောင်းနေရာကိုလည်း ကျနော်တို့မသိဘူး။ ချိန်းတဲ့အချိန်ကလည်း ညကြီးမင်းကြီးဆိုတော့ နောက်တနေ့ကို အချိန်ရွှေ့ပေးဘို့ ညှိနှိုင်းကြည့်ပါတယ်။ ဒါပေမယ့် လုံးဝ ရွှေ့မပေးနိုင်ဘူးတဲ့။ သတ်မှတ်ထားတဲ့အချိန်မှာ ပေါ်မလာရင် ရဲကားလွှတ်ခေါ်ရမှာဖြစ်ကြောင်း၊ ကျနော်တို့ကို အဲသည်လို ခက်ခဲအောင် မလုပ်ချင်တဲ့ အကြောင်း စသဖြင့် ခြိမ်းခြောက်ပြောဆိုပါတယ်။ ကျနော်ကလည်း (ရုတ်တရက် ဒေါကန်သွားတာမို့) အဲဒါဆိုရင် ရဲစခန်းနေရာမသိတဲ့အတွက် ကျေးဇူးပြုပြီး ရဲကားလွှတ်လိုက် ဘို့အကြောင်း၊ ကျနော်တို့ ပင်နီဆူးလားပလာဇာမှာ ရှိနေမယ့်အကြောင်း စသဖြင့် ပြန်ပြောမိလို့ ရဲနဲ့ အချေအတင်ဖုန်းထဲမှာ စကားများရပါသေးတယ်။ နောက်ဆုံးတော့ သူမက တက္ကစီ ငှားလာခဲ့ဘို့ အကြံပေးပါတယ်။ နောက်ဆုံးတော့ ကျနော်လည်း အဲဒါဆို တက္ကစီခ ပြန်တောင်းမယ်လို့ပြောပြီး တက္ကစီနဲ့ လာခဲ့ဘို့ သဘောတူလိုက်ရပါတယ်။ (အဲသည်အတွက် ကြောင့်ထင်တယ်။ သွားတဲ့အခါတိုင်း ပြန်ကာနီးမှာ တက္ကစီခ ၂၀ ဒေါ်လာ ထုတ်ပေးပါတယ်။)

သူမဖုန်းချသွားတာနဲ့ ကျနော်တို့ ကေ့စ်ကို ကိုင်နေတဲ့ ရဲကို လှမ်းခေါ်ပြီး ရဲစခန်းဟောင်းက ခေါ်တဲ့ကိစ္စ သူ့အနေနဲ့သိမသိ လှမ်းပြီးတော့မေးမြန်း။ သူက သေချာတယ် ဆိုပြီး အတည်ပြုတော့မှ ညကိုးနာရီခွဲလောက်မှာ အဲသည် ရဲစခန်းဟောင်းကို ပထမဦးဆုံးအကြိမ် အရောက်သွားရတယ်။ အတွေးထဲမှာတော့ ဘာကြောင့်ခေါ်သလဲ မေးခွန်းများစွာနဲ့ပေါ့လေ။ ဒါပေမယ့် စခန်းမရောက်ခင် လမ်းထိပ်က မက်ဒေါ်နယ် ဘာဂါဆိုင်မှာ ကျနော်တို့နဲ့အတူ လမ်းလျှောက်ခဲ့တဲ့ အဖွဲ့သားတွေ ထိုင်နေတာကို တွေ့လိုက်တော့မှ သူတို့အားလုံးကိုလည်း ခေါ်ထားပါလားဆိုတာ သဘောပေါက်လိုက်မိပါတော့တယ်။

ရဲစခန်းရောက်တော့ ဖုန်းထဲက စကားများခဲ့ရတဲ့ ရဲအရာရှိအမျိုးသမီးဟာ အပြင်မှာတော့ စကားပြောပြေပြစ်ကာ နှစ်လိုယဉ်ကျေးဘွယ်ရာရှိသူတဦးဖြစ်နေတာ တွေ့ရပါတယ်။ ရောက်မဆိုက်ဘဲ ကျနော်တို့ကို အမျိုးသား အရာရှိတဦးနဲ့ အဲသည်အမျိုးသမီးအရာရှိက သူတို့ရဲ့ အင်တာဗျူးအခန်းထဲ ခေါ်သွင်းပြီး စကား စပြောကြတော့တာပေါ့။

အဲသည်မှာ စကားဝိုင်းကိုစတော့ အလာပ သလာပ ပြောသလိုပုံစံမျိုး ဖြစ်အောင် ဖန်တီးထား တာကို သတိထားမိတယ်။ ကျနော်တို့ ဘယ်မှာလုပ်သလဲ။ စင်ကာပူမှာ အလုပ်လုပ်နေတာ ကြာပြီလား။ သမီးလေးက ဘယ်အရွယ်ရောက်နေပြီလဲ။ အဘွားက ထိန်းထားပေးတာလား။ စသဖြင့် ပေါ့ပေါ့ပါးပါး အကြောင်းအရာလေးတွေက စဖြစ်ကြပါတယ်။

နောက်မှ တဖြည်းဖြည်းနဲ့ သူတို့ပြောနေကျ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်ဝတ်ပိပြားရေး။ တည်ငြိမ်ရေးတွေအကြောင်း ရောက်လာတာကိုး။ အဲ...တနေရာရောက်တော့ သူတို့ရဲ့ စကားထဲမှာ ခြိမ်းခြောက်ချင်တဲ့ အရိပ်အယောင်ကို စတွေ့လာရပြီ။ အဲဒါကတော့ ဘာလဲဆိုရင် “သည်လို တည်ငြိမ်မှုပျက်ပြားအောင် ဖြစ်လာရင် မင်းတို့ကို ငါတို့က ပြန်မပို့ချင်လဲ ပို့ရတော့မယ်” ဆိုတာမျိုး။ သည်တော့ ကျနော်တို့ကလည်း ကျနော်တို့ ရပ်တည်ချက်နဲ့အနေအထားကို ရှင်းလင်းအောင် ပြန်ပြောရပါတော့တယ်။

ကျနော်တို့ဟာ စင်ကာပူမှာ ပညာရှင်များအနေနဲ့ လာရောက်လုပ်ကိုင်တာဖြစ်တဲ့အကြောင်း၊ အဲသည်အတွက် စင်ကာပူနိုင်ငံအတွက်ရော၊ ကျနော်တို့အတွက်ပါ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ကိစ္စသာဖြစ်တယ်။ ကျနော်တို့ကို အလုပ်အကိုင်ပေးထားလို့ စင်ကာပူကချည်း ကျနော်တို့အပေါ်မှာ တဖက်သတ် ကျေးဇူးရှိနေတာမျိုးမဟုတ်။ ကျနော်တို့ဟာ စင်ကာပူကို မလာခင် တခြားနိုင်ငံတွေမှာလည်း ကိုယ့်ပညာနဲ့ အသက်မွေးနိုင်ခဲ့ကြောင်း။ ဒါကြောင့် စင်ကာပူမှာသာမက မည်သည့်နိုင်ငံမှာမဆို ကျနော်တို့ ရှင်သန်ရပ်တည်နိုင်ကြောင်း။ ဒါကြောင့် ပြန်ပို့မယ်ဆိုတဲ့စကားဟာ ကျနော်တို့အတွက် သိပ်အဓိပ္ပါယ်မရှိလှကြောင်း ပြန်ပြော လိုက်ပါတယ်။

အဲသည်မှာ (ကျနော်တို့အထင်) သူတို့ကစားနေကျ ၀ှက်ဖဲက အလုပ်မဖြစ်တော့တာကို သိတဲ့အလျောက် နောက်ပိုင်း ကျနော်တို့နဲ့ ပြောဆိုတဲ့အခါတိုင်းမှာ ချော့မော့ပြောဆို တဲ့နည်းကိုဘဲ ကျင့်သုံးတော့တာတွေ့ရပါတယ်။ (တချို့မိတ်ဆွေတွေရဲ့ ပြန်ပြောချက်အရ သူတို့ကိုလည်း ဒီခြိမ်းခြောက်တဲ့ နည်းကိုဘဲ သုံးကြောင်းသိရပါတယ်။ တချို့ အမြဲတမ်းနေထိုင် ခွင့် (PR) မကျသေးတဲ့ သူများကိုဆိုရင် ဒီနည်းက အတော်ထိရောက်မှုရှိ တယ်လို့လည်း သိရပါတယ်။)

ကျနော်တို့နဲ့သူတို့ အချိန် တစ်နာရီခွဲလောက်ကြာသည်အထိ စကားတွေ အများကြီးပြောဖြစ် ကြပါတယ်။ ကျနော်သုံးသပ်မိတာကတော့ သူတို့ရဲအရာရှိနှစ်ယောက်ဟာ ပြောဆိုရမယ့် အကြောင်းအရာပေါ်မှာ ကျွမ်းကျင်နိုင်နင်းမှုမရှိတာကိုတွေ့ရပါတယ်။ သူတို့အပြစ်တော့မဟုတ် ပါဘူး။ သူတို့လုပ်နေရတာတွေ၊ ပြောနေရတာတွေဟာ ရဲတွေလုပ်ရမယ့် အရာမှ မဟုတ်တာကိုး။

သူတို့နဲ့ ကျနော်တို့ စကားပြောခန်းတချို့ကို မှတ်မိသလောက် ပြန်ရေးရရင်....

သူတို့။..........။သည်လို လမ်းမပေါ်မှာထွက် ဆန္ဒပြမှုတွေဟာ နောက်ဆုံးမှာ ရုန်းရင်းဆန်ခတ်၊ ဆူပူမှု၊ အဓိကရုဏ်းတွေနဲ့ အဆုံးသတ်ရလေ့ရှိတယ်။ ဒါကြောင့်မို့ စင်ကာပူမှာ ငါတို့က လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေကို ခွင့်မပြုတာ။

ကျနော်တို့။...........။ပြီးခဲ့တဲ့ စက်တင်ဘာလက မြန်မာပြည်က လမ်းပေါ်မှာ လူတွေ သိန်းချီဆန္ဒပြခဲ့ကြတယ်။ အင်မတန်မှ အေးအေးချမ်းချမ်းပါဘဲ။ ရုန်းရင်းဆန်ခတ်ဆိုတာ အာဏာပိုင်တွေက အကြမ်းဖက်နှိမ်နင်းတော့မှ ဖြစ်လာတာမျိုးပါ။

သူတို့။.............။မင်းတို့ကတော့ စိတ်စေတနာကောင်းနဲ့ ရည်ရွယ်ချက်ကောင်းနဲ့ ဆန္ဒပြတာ ဟုတ်တယ်။ ဒါပေမယ့် မင်းတို့ထဲက တစုံတယောက်က ဆူပူလိုသော ရည်ရွယ်ချက်နဲ့ အော်ဟစ်တာမျိုး၊ ခဲနဲ့ ပစ်တာမျိုး စတင်လုပ်လာပြီဆိုရင် ဘယ်လိုလုပ်မလဲ။

ကျနော်တို့။...........။ ဒီလိုအခြေအနေမျိုး ဖြစ်လာခဲ့ရင် မင်းတို့ စင်ကာပူရဲတွေအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းနိုင်မယ်လို့ ငါတို့ ယုံကြည်ပြီးသားပါ။ ကြည့်လေ။ မင်းတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မလေးရှားတို့၊ ထိုင်းတို့ ။ အဲသည်နိုင်ငံတွေမှာ ရဲတွေဟာ ဆန္ဒပြခွင့်ကို ခွင့်ပြုရုံသာမက ဆန္ဒပြတဲ့အချိန်မှာ ပါဝင်တဲ့သူတွေ လုံခြုံရေးအတွက် လိုက်လံစောင့်ရှောက်ပေးတာမျိုးတွေ၊ ယာဉ်အသွားအလာထိန်းသိမ်းပေး တာမျိုးတွေ လုပ်ပေးဖော်ရတယ်။
(အဲသည်လို မလေးရှားတို့ ထိုင်းတို့ နဲ့ နှိုင်းအပြောခံရတော့ သူတို့နည်းနည်း မျက်နှာပျက်ပြီး မခံချင်တာကို တွေ့ရပါတယ်။)

သူတို့။..............။ ဟာ....မလေးရှားနဲ့တော့ မနှိုင်းနဲ့လေ။ သူတို့နိုင်ငံကြီးက အကျယ်ကြီးကို။ ငါတို့နိုင်ငံလေးက သေးတော့ တခုခုဆို တနိုင်ငံလုံးကို ပြန့်သွားပြီး မတည်မငြိမ်ဖြစ်မှာ။

ကျနော်တို့။...............။ ဒါဆိုရင် မင်းတို့နဲ့ အရွယ်အစားတူညီတဲ့ ဟောင်ကောင်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဟောင်ကောင်မှာ လွတ်လွတ်လပ်လပ် ဆန္ဒပြလို့ရတာဘဲ။ အဓိကရုဏ်း ဆိုတာ မကြားဘူးသလောက်ဘဲ။

သူတို့။..................။ “...............................” (တိတ်ဆိတ်လျက်)။

ကျနော်တို့။...................။ မင်းတို့ ပြောချင်တဲ့ တည်ငြိမ်မှု၊ တရားဥပဒေ စိုးမိုးမှုဆိုတာတွေကို ငါတို့လည်း သဘောကျပါတယ်။ ငါတို့ကိုယ်၌က မင်းတို့ရဲ့ စိုးရိမ်သောက ကိုနားလည် နိုင်တယ်။ ဒါပေမယ့် မင်းတို့ကလည်း အပြန်အလှန် တို့အပေါ်မှာ နားလည်သင့်တဲ့အချက်တွေ ရှိတယ်။ နိုင်ငံတကာမှာရှိတဲ့ ငါတို့ မြန်မာလူမျိုးတွေဟာ သူတို့ရဲ့ ခံစားချက်တွေ၊ သဘောထားတွေကို လွတ်လပ်စွာ ဖော်ပြခွင့်ရနေတဲ့အချိန်မှာ စင်ကာပူမှာ ရှိတဲ့ ငါတို့တတွေဟာ မင်းတို့ခွင့်မပြုတဲ့အတွက် ငါတို့ရဲ့ ခံစားချက်တွေကို ကြိတ်မှိတ် မြိုချနေရတယ်။ ဒါဟာ တကယ်တော့ ငါ့တို့အတွက်လည်း မကောင်းဘူး။ မင်းတို့ တည်ငြိမ်မှု ရှုဒေါင့်က ကြည့်ရင်လည်းမကောင်းဘူး။ ဘာကြောင့်လည်းဆိုတော့ အဲဒီလို မြိုသိပ်ထားမှု တွေဟာ တချိန်ချိန်မှာ ပေါက်ကွဲထွက်လာနိုင်လို့ဘဲ။ သည်တော့ ဖြစ်သင့်တာက အစကတည်းက သည်ခံစားချက်တွေကို နည်းမှန်လမ်းမှန်နဲ့ ခွင့်ပြုသင့်တယ်။ နောက်တခုက မင်းတို့နိုင်ငံကလည်း ကုသသမဂ္ဂအဖွဲ့ဝင်နိုင်ငံတနိုင်ငံ။ အဲသည် ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ အထွေထွေလူ့အခွင့်အရေးကြေညာစာတမ်းပါတဲ့ လူ့အခွင့်အရေးတွေကို ကာကွယ်သင့်ပါတယ်။ အထူးသဖြင့် ခုလာမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံချာတာ အသစ်ကို သဘောတူညီချက်ရေးထိုးကြရင် အဲသည်သဘောတူညီချက်မှာ ဒေသတွင်း လူ့အခွင့်အရေးကို ကာကွယ်ဘို့ပါမယ်။ ဒီတော့ စင်ကာပူအနေနဲ့ ခုကတည်းက ကြိုတင်ပြီး လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ လေးစားလိုက်နာသင့်ပြီလို့ ထင်ပါတယ်။

သူတို့။......................။ ငါတို့ဆီမှာက လူမျိုးပေါင်းစုံစုပေါင်းယှဉ်တွဲနေထိုင်ကြရတာ။ ငါတို့နိုင်ငံရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် ၁၉၆၀ တ၀ိုက်က လူမျိုးရေးအဓိကရုဏ်းတွေဟာ အင်မတန်ခါးသီးတဲ့ အတွေ့အကြုံတွေပေါ့။ သည်လိုမျိုး အဖြစ်ဆိုးတွေ ထပ်ဖြစ်လာမှာကို ငါတို့အနေနဲ့ လုံးဝ လက်မခံနိုင်ဘူး။ နောက်ပြီး တို့နိုင်ငံဟာ ပြည်ပ ရင်းနှီးမြှုတ်နှံမှုအပေါ်မှာ လုံးလုံးမှီတည်နေရတဲ့အတွက် မတည်မငြိမ်မှုတွေကြောင့် ရင်းနှီးမြှုတ်နှံမှုတွေ ရုပ်သိမ်းသွား မှာကို အမြဲတစေ ပူပန်စိုးရိမ်နေရတဲ့ အနေအထားမှာ ရှိပါတယ်။ ငါတို့ဟာ ဒီလို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို နှစ်ပေါင်း ၅၀ လောက် ကြိုးကြိုးစားစား တည်ဆောက်ထားရတာ။

ကျနော်တို့။.....................။ မင်းတို့ အာရှမှာ သည်အခြေအနေထိရောက်အောင် ထူထောင်နိုင်ခဲ့တာကို ငါတို့ ချီးကျူးပါတယ်။ သို့သော်လည်း သည်နေရာမှာ တချို့ထပ်မံစဉ်းစားစရာအချက် ကလေးတွေလည်းရှိတယ်ပေါ့။ မင်းတို့နိုင်ငံဟာ သယံဇာတရင်းမြစ်မရှိဘူးဆိုပေမယ့် အဓိက ရေကြောင်း အချက်အချာကျတဲ့တည်နေရာမှာ ရှိတယ်ဆိုတာကို သဘောပေါက်ရမယ်။ ဥပမာပေးရရင် မြို့နဲ့ အလှမ်းဝေးတဲ့နေရာက ဆိုင်ခန်းအကျယ်ကြီးထက် မြို့လည်ခေါင်က ဆိုင်ခန်းသေးသေးလေးဟာ ၀င်ငွေပိုကောင်းနိုင်တယ်ဆိုတဲ့သဘောပါဘဲ။ နောက် ပြည်ပ ရင်းနှီးမြှုတ်နှံမှုကို ဖွင့်ပေးတဲ့ ဘယ်နိုင်ငံမဆို မည်သည့်စနစ်ကိုဘဲ ကျင့်သုံးသည်ဖြစ်စေ၊ တိုးတက်ကြတာချည်းပါဘဲ။ ဥပမာ ဟောင်ကောင်၊ တိုင်ဝမ်၊ တောင်ကိုရီးယား၊ တရုတ်၊ မလေးရှား၊ ထိုင်း စသည်။ သည်တော့ တံခါးဖွင့်ဝါဒ ကျင့်သုံးမယ်၊ ပြည်တွင်းစစ်လည်း ဖြစ်မနေဘူးဆိုရင် နိုင်ငံတွေ တော်တော်များများကတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက် လာကြတာချည်းပါဘဲ။ စင်ကာပူရယ်မှ မဟုတ်ပါဘူး။ သည်တော့ နိုင်ငံတစ်ခု စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ ကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်နဲ့ သိပ်တော့ မသက်ဆိုင်လှပါဘူး။ ငါတို့အနေနဲ့ကတော့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုသက်သက်ထက် လွတ်လပ်မှုရှိတာကို ပိုသဘောကျပါတယ်။

သူတို့။...................။ အေးလေ၊ တို့လည်း တဖြည်းဖြည်းချင်းတော့ ဒါတွေကို ဖွင့်ပေးဘို့ ကြိုးစားနေပါတယ်။ နေ့ချင်းညချင်း ဗြုံးစားကြီးတော့ဖြစ်လာမှာ မဟုတ်သေးဘူးပေါ့။ ဒီကြားထဲ မင်းတို့ဘက်ကလည်း ငါတို့အနေအထားကို နားလည်သောအားဖြင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးဘို့ ပြောချင်တာပါဘဲ။

ကျနော်တို့။...................။ ဖွင့်ပေးဘို့ ကြိုးစားနေတယ်ဆိုတာ သိရလို့ ကျေးဇူးတင်ပါတယ်။ တကယ်တော့ ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စတခုပါ။ အခုဘဲကြည့်လေ။ မင်းတို့ ငါတို့ မျိုးဆက်တုန်းကဆိုရင် အများစုဟာ နာခံတတ်သူတွေ၊ မစ္စတာ လီကွမ်းယူပြောတဲ့ ကွန်ဖြူးရှပ်ဝါဒမှာလို လူတဦးချင်းအကျိုးထက် အဖွဲ့အစည်းတခုလုံးရဲ့ အကျိုးကို ကြည့်ရမယ်ဆိုတာကို ယုံကြည်သူတွေများခဲ့တယ်။ ဒါပေမယ့် အခုလူငယ်တွေ၊ ငါတို့သားသမီးတွေ လက်ထက်ရောက်တော့ သူတို့ဟာ အလွယ်တကူ နာခံတတ်သူတွေ မဟုတ်တော့ဘူး။ စူးစမ်းတယ်။ ကိုယ့်အခွင့်အရေးကို ကိုယ်သိတယ်။ လူတဦးချင်းရဲ့ အခွင့်အရေးကို ကာကွယ်ပေးဘို့ တောင်းဆိုလာကြတယ်။ လွတ်လပ်မှုအတွက် စွန့်စားလိုစိတ်လည်းရှိကြတယ်။ (ဒီအချက်ကို ရဲနှစ်ယောက်လုံးက ထောက်ခံကြတယ်။) အခု တကမ္ဘာလုံးမှာ သွားနေတဲ့ ရေစီးကြောင်းကလည်း သည်အတိုင်းဘဲ။ သည်တော့ စင်ကာပူအနေနဲ့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ နိုင်ငံရေးအရ ပွင့်လင်းလွတ်လပ်မှုကို အခုထက်ပိုပြီး တစထက်တစ ဖွင့်ပေးရတော့မယ်။

ဒါတွေက သူတို့နဲ့ပြောခဲ့တဲ့ စကားတွေထဲက မှတ်မိသလောက် တချို့ပေါ့။ အချို့ကိုတော့ “ရဲစခန်းမှာ....(၁)” မှာတုန်းက အကျဉ်းချုံးပြီး ဖော်ပြခဲ့ပြီးပါပြီ။

တကယ်တော့ ကျနော်တို့အပေါ် အရေးယူခြင်း၊ မယူခြင်း၊ စွဲချက်တင်ခြင်း၊ မတင်ခြင်းတွေဟာ ဒီရဲအရာရှိတွေအဆင့်လောက်မှာ မဆုံးဖြတ်ဘူးဆိုတာ ကျနော်တို့သိပါတယ်။ သို့သော်လည်း ကျနော်တို့နဲ့ ထိတွေ့ဆက်ဆံရတဲ့သူတွေကို ကြုံကြိုက်တိုင်း ကိုယ့်ရပ်တည်ချက်တွေအကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြခြင်းဖြင့် အပြန်အလှန် နားလည်ယုံကြည်မှုကို တည်ဆောက်နိုင်ခဲ့ရင် အနာဂတ်မှာ ကြုံတွေ့လာမယ့် အချို့သော ကိစ္စရပ်များမှာ သူတို့အနေနဲ့ နားလည်လိုက်လျောမှုပေးနိုင်မယ်လို့ ယုံကြည်တဲ့အတွက် သူတို့အပေါ် ရှည်ရှည်လျားလျား ပြောဆိုဆွေးနွေးခဲ့ခြင်း ဖြစ်ပါတယ်။

ဒီနောက်မှာတော့ နိုင်ငံတနိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိရုံမျှနဲ့ မလုံလောက်ဘဲ ဒီမိုကရေစီစနစ်ကိုပါ ကျင့်သုံးဘို့ ဘာကြောင့်လိုအပ်သလဲဆိုတဲ့ ဥပမာ တခုကို ကျနော်ဖတ်ဖူးတဲ့ စာတအုပ်ထဲ ကနေ ကောက်နှုတ် ပြောပြဖြစ်ခဲ့ပါတယ်။

အဲဒီ ဥပမာအကြောင်းကို အပိုင်း(၃)မှာ ဆက်လက်ရေးသားပါမယ်။.......

ကိုပေါ။ (၂၄ ရက်။ နိုဝင်ဘာလ။ ၂၀၀၇ ခုနှစ်။)

Read more

“ဆန္ဒပြပွဲ”

၂၀ ရက်။ နိုဝင်ဘာ။ ၂၀၀၇ ခု။ အင်္ဂါနေ့။.....

ဒီနေ့ ငါတို့ ဆန္ဒပြဖြစ်ခဲ့ကြတယ်။

လူငါးယောက်ထက်ပိုပြီး စုဝေးခွင့်မရှိတဲ့ စင်ကာပူနိုင်ငံရဲ့ လူအစည်ကားဆုံးနေရာမှာ ငါတို့ မြန်မာတွေ စုစုပေါင်း အယောက် ၅၀ ခန့်ဟာ တူညီဝတ်စုံတွေ ၀တ်ပြီး ဆန္ဒပြဖြစ်ခဲ့ကြတယ်။

ဒီဆန္ဒပြပွဲကို မနက် ၁၀ နာရီလောက်ကမှ ကောက်ခါငင်ခါ စီစဉ်လိုက်ကြရတာပါ။ အကြောင်းကတော့ အာဆီယံထိပ်သီးဆွေးနွေးပွဲက ထုတ်ပြန်ကြေညာချက်မှာ ငါတို့ လုံးဝလက်မခံနိုင်စရာအချက်တွေ ပါလာလို့။ အဓိက ကတော့ “မြန်မာ့အရေးကို ဖြေရှင်းရာမှာ မြန်မာအစိုးရရဲ့ သဘောထားအတိုင်း ဖြစ်စေရမယ်။ မြန်မာအစိုးရရဲ့ ဆန္ဒကို သူတို့လေးစားတယ်။ သူတို့ ၀င်မရှုပ်ဘူး။ ကုလသမဂ္ဂနဲ့ ပူးတွဲလုပ်ဆောင်မှုကို အားပေးထောက်ခံတယ်။” ဆိုတာမျိုး သူတို့က ကြေညာချက်ထုတ်လာတယ်။

တခါလာလည်း မြန်မာအစိုးရ သဘောထားကို လေးစားရမယ်။ တခါလာလည်း မြန်မာအစိုးရကို မိသားစုဝင်လို သတ်မှတ်ရမယ်။ မြန်မာပြည်သူတွေရဲ့ သဘောထားကို လေးစားရမယ်ဆိုတာ တခါမှမပါဘူး။ ဒီတခါတော့ သည်းမခံနိုင်ကြတော့ဘူး။ ငါတို့ အားလုံးရဲ့ ခံစားမှုတွေ ပွင့်ထွက်ကုန်တယ်။

အေး....ငါတို့ တခုခု လုပ်ကြရင်ကောင်းမယ်။ ဘာလုပ်ကြမလဲ။ အော့ချာ့ဒ်လမ်းမမှာ ဆန္ဒသွားပြကြမယ်။ ရဲတွေ မသိအောင် လျို့ဝှက်လုပ်ကြ။ ရဲတွေ ခြေရာခံမမိအောင် တတ်နိုင်သမျှ လမ်းဘေးဖုန်းနဲ့ ပြောကြ ဆွေးနွေးကြ။ ဖိတ်ကြားကြ။ မီဒီယာတွေကိုလည်း ခေါ်ထား။ စင်ကာပူဘက်က လူ့အခွင့်အရေး လှုပ်ရှားသူတွေကိုလည်း အကြောင်းကြားထား။ အတိုက်အခံပါတီတွေကိုလည်း အသိပေး။

မူလအစီအစဉ်အရ အလုပ်က ဆင်းတာနဲ့ ညနေ ၆ နာရီလောက်မှာ အောချာ့ဒ် လမ်းဒေါင့်က စတားဘတ်က် ကော်ဖီဆိုင်မှာ လူစုကြမယ်။ နောက်မှ အင်္ကျီအနီတွေ လဲပြီး အော့ချာ့ဒ်လမ်းပေါ်ထွက်မယ်။ ဆန္ဒပြမယ်။ အသေးစိတ်ကို ကော်ဖီဆိုင်မှာ ထိုင်တုန်း ဆွေးနွေးကြမယ်။ ရဲလာမဖမ်းခင် မီဒီယာနဲ့ စကားပြော။ ရဲလာတားရင် ဆယ်မိနစ်လောက် အချိန်ပေးဘို့ စေ့စပ်ညှိနှိုင်းမယ်။ ညှိနှိုင်းလို့မရင် လက်ချင်းတွဲပြီး လမ်းမပေါ်ထိုင်ချမယ်။ ဖမ်းပလေ့စေ။ မခုခံကြနဲ့။ အားလုံးရဲစခန်းကို လိုက်သွားကြမယ်။ အလွန်ဆုံး ရဲစခန်းမှာ တည အိပ်ရရုံဘဲရှိမယ်။ ဒီကောင်တွေ အပြည်ပြည်ဆိုင်ရာ အာရုံစိုက်မှုအောက်မှာ ငါတို့ကို အသားလွတ်ဖမ်းမထားရဲဘူး။ ဖမ်းလည်း သူတို့ ငါတို့ကို ဖမ်းတာနဲ့ ထိုက်တန်တဲ့ တန်ရာတန်ဘိုးကို ပေးရလိမ့်မယ်။

ကဲ....ကိုဘို....ခင်ဗျားက အဆက်အသွယ်ကောင်းတယ်။ ၀င်မပါနဲ့။ ခပ်လှမ်းလှမ်းကနေ အကဲခတ်။ ကျုပ်တို့ကို ဖမ်းရင် ခင်ဗျားက သက်ဆိုင်ရာမီဒီယာ၊ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး လုပ်စရာဆက်လုပ်။

အဲဒီလို အစီအစဉ်တွေလုပ်ပြီးမှ နေ့လည် ၂ ချက်တီးလောက်ရောက်တော့ သတင်းက ဘလော့ဂ်တွေ စီဘောက်စ်တွေ အီးမေးတွေထဲကို ပေါက်ကြားသွားတယ်။ ဟာ...သွားပဟ။ စတောင် မစ ရသေးဘူး။ ရဲတွေတော့ သိကုန်တော့မယ်။ ဗမာတွေ အော့ချာ့ဒ်လာတာနဲ့ ဘူတာမှာ ဖမ်းစစ်တော့မှာဘဲ။ ဒုက္ခပါဘဲ။ စိတ်လေတယ်။

သည်လိုနဲ့ ညနေရုံးဆင်းတော့ နီးစပ်ရာလူတွေကို တခြားဘူတာပြောင်းချိန်းရတယ်။ သတိဆိုတာ ပိုတယ်မရှိဘူး။ အဲ....ဖယောင်းတိုင်ပြေးဝယ်တဲ့လူက၀ယ်၊ စာရွက်ပေါ်မှာ ဆော့ပင်နဲ့ တောင်းဆိုချက်တွေကို ရေးသူကရေး။

ခဏနေတော့ ကိုဘိုလည်း ရောက်လာတယ်။ ခပ်လှမ်းလှမ်းမှာ။ မျက်လုံးချင်းဆုံတော့....အံမယ်...ခပ်တည်တည်နဲ့။ ကြိုတင်စီစဉ်ထားတဲ့အတိုင်း “သူနဲ့ ငါတို့ လုံးဝမသိဘူးဆိုတဲ့ အက်တင်အပြည့်နဲ့။” ကိုယ့်လူကို စိတ်ထဲမှာ အကယ်ဒမီပေးလိုက်တယ်။

ကံကောင်းချင်တော့ ရဲတွေနဲ့ မီဒီယာတွေက ညနေ ၆ နာရီလောက်ကတည်းက လာစောင့်ပြီး ဒီနေ့အဖို့ ဘာမှ မဖြစ်တော့ဘူး ယူဆသွားပုံရတယ်။ အဲဒီနားမှာဘဲ မီဒီယာကလူတွေနဲ့အတူ အေးအေးလူလူ ယောင်တောင်ပေါင်တောင် လုပ်နေကြတယ်။

သည်လိုနဲ့ ညနေ ၇ နာရီထိုးတော့ စတားဘတ်က်မှာ မြန်မာတွေ ၅၀ လောက်စုမိကြတယ်။ အင်္ကျီအနီတွေကို ခဏအတွင်း ပြောင်းလဲ ၀တ်ဆင်လိုက်ကြတယ်။ အခြေအနေကိုသုံးသပ်၊ လုပ်ငန်းစဉ်ကို အမြန်ဆွေးနွေးပြီး ကော်ဖီဆိုင်ထဲက ထွက်လိုက်ကြတယ်။ အဲသည်အချိန်မှာ မီဒီယာက ၀ိုင်းပြီး တဖျတ်ဖျတ်နဲ့ ဓါတ်ပုံတွေရိုက်။ ဗီဒီယိုရိုက်။

လူသွားလမ်းပေါ်မှာ လက်ချင်းချိတ်လို့ သုံးယောက်တတန်း ရှေ့နောက်တန်းလိုက်ကြတာ ၁၅ တန်းလောက် ရတယ်။ ဟိုး ရှေ့ဆုံးက သုံးယောက်က အင်္ဂလိပ်လို ရေးထားတဲ့ ဘန်နာ အကြီးကြီးကို ကိုင်လို့။ ရေးထားတာက “မြန်မာတွေရဲ့ ဆန္ဒကို နားထောင်ပါ။ စစ်အစိုးရရဲ့ အမိန့်ပေးမှုကို နားမယောင်ပါနဲ့” တဲ့။ နောက်ကလူတွေကလည်း တတောင်ဆစ်ချင်းချိတ်ထား တာဆိုတော့ အားနေတဲ့လက်ချောင်းတွေထဲမှာ အေဖိုးဆိုက်နဲ့ ရေးထားတဲ့ တောင်ဆိုချက်တွေကို ကိုင်ပြီး ရင်ဘတ်ရှေ့မှာ ထောင်ထားကြတယ်။ လမ်းသွားလမ်းလာတွေ ၀ိုင်းကြည့်ကြတယ်။ ဓါတ်ပုံရိုက်ကြ။ ရပ်ကြည့်ကြပေါ့လေ။

ပထမတော့ အရပ်ဝတ်ရဲတွေဘဲ ရှိသေးတယ်။ ရဲတွေ အင်အားများများ ရှိမနေဘူး။ မီဒီယာတွေက စိတ်တိုင်းကျ ရိုက်ယူကြတယ်။ ငါတို့အထဲမှာ မီဒီယာ တာဝန်ခံ နှစ်ယောက်က ဘေးကနေ မီဒီယာတွေကို အင်တာဗျူး ဒိုင်ခံဖြေပေးတယ်။ အဲသည်လိုနဲ့ မိနစ် ၂၀ လောက်ကြာတော့ ရဲတွေ ရောက်လာတယ်။

ကြိုတင်တိုင်ပင်ထားတဲ့အတိုင်း အားလုံး သုံးယောက်တတွဲကနေ လမ်းမဘက်ကို မျက်နှာလှည့်လိုက်ပြီး လူငါးဆယ်အတန်းရှည်ကြီး လက်ချင်းယှက်ပြီး တွဲရပ်လိုက်တယ်။

ရဲတွေ ပျာယာခပ်သွားတယ်။ ဘာလုပ်ရမှန်းမသိဘူး။ ငါတို့အစီအစဉ်ကို သူတို့မသိဘူးလေ။ အဲဒါနဲ့ ရဲတပ်ဖွဲ့ခေါင်းဆောင်က ရဲတွေကို အမိန့်ပေးတယ်။ မင်းတို့ သူတို့နဲ့ မျက်နှာချင်းဆိုင်မှာ သွားရပ်တဲ့။ အဲဒါနဲ့ ရဲတွေ မျက်နှာချင်းဆိုင်မှာ လာရပ်ကြတယ်။ ဘောလုံးပွဲမစခင် အသင်းနှစ်သင်း မျက်နှာချင်းဆိုင်ရပ်သလိုမျိုး။ လမ်းပေါ်က သွားနေတဲ့ ကားတွေပေါ်က လူတွေ ငါတို့ကို ကြည့်သွားကြ။ လက်မထောင်ပြသွားကြ။

ငါ့ညာဘက်မှာ ငါ့မိန်းမ။ ငါ့ဘယ်ဘက်မှာ ငါမသိတဲ့ လူတယောက်။ ညာဘက် တယောက် ကျော်မှာ ဘလော့ဂါမိန်းကလေးငယ်တယောက်။ ငါက ရွှတ်နောက်နောက်နဲ့ “ငါတို့တွေ အာဆီယံ ၀န်ကြီးတွေ လက်ယှက်သလို ခရော့စ်ပုံစံနဲ့ ယှက်ကြမလား” ပြောတော့ အားလုံး ၀ိုင်းရယ်ကြတယ်။ တကယ်တော့ အဲဒီ အာဆီယံ လက်ယှက်ပုံစံဟာ အင်မတန် မျက်စိထဲမှာ ထော်လော်ကန့်လန့်နိုင်တယ်။ ကိုယ့်ဘေးကလူနဲ့ အနီးဆုံးလက်နှစ်ဘက်ကို လွယ်လွယ်ကူကူ ယှက်တာမျိုးမဟုတ်ဘဲ၊ ဝေးတဲ့ဘက်ခြမ်းက လက်ကို ခက်ခက်ခဲခဲ လှမ်းဆွဲကြရတာမျိုးလေ။ အာဆီယံခေါင်းဆောင်တွေ ဓါတ်ပုံအရိုက်ခံဘို့ လက်တွေယှက်ကြတိုင်း လက်တွေမှားမှားထုတ်ကြတုန်း။ အဲဒါကြောင့်ပြောတာ။ အာစီယံဟာ အစစ ထော်လော်ကန့်လန့်တွေချည်းဘဲလို့။ လက်ချင်းကောင်းကောင်းယှက်တတ်ဖို့တင် ဆယ်နှစ်လောက် အချိန်ယူရမယ်။ ဥရောပယူနီယံလို အသင်းအဖွဲ့မျိုးဖြစ်လာဘို့ဆိုရင် နောင်ဘုရားတဆူပွင့်တဲ့အထိ စောင့်ရမယ်ထင်တယ်။

ငါတို့အားလုံး ရဲတွေရှေ့မှာ အဲသည်အနေအထားနဲ့ ဆယ်မိနစ်လောက် ရပ်နေကြတယ်။ ငါ့စိတ်ထဲမှာ ငါ့ရှေ့က ရဲလူဖလံလေးကို ကြည့်ပြီး “သူ့ခမြာ ငါ့ကိုဖမ်းရင် မ မှ မနိုင်ပါ့မလား” တွေးပြီး စိတ်မောနေမိတယ်။ နောက်တော့ ငါတို့ အေးအေးချမ်းချမ်းဘဲ လူစုခွဲလိုက်တော့တယ်။

ငါတို့ ဒီနေ့ ဆန္ဒပြပွဲကို အောင်မြင်တယ်လို့ သတ်မှတ်ကြတယ်။ စင်ကာပူအစိုးရရဲ့ ချုပ်ခြယ်တဲ့ ဥပဒေကို ဆန့်ကျင်ပြီး ဆန္ဒပြကြတာလေ။ ကိုယ့်အခွင့်အရေးကို ကိုယ်လေးစားစွာ ကာကွယ်ခြင်း တမျိုးပေါ့။ စင်ကာပူ လူ့အခွင့်အရေးအဖွဲ့က မိတ်ဆွေတွေက ပွဲအပြီးမှာ လာပြီး ၀မ်းသာအားရ နှုတ်ဆက်ကြတယ်။ ကွန်ဂရက်ကျူလေးရှင်းပေါ့။ ပြန်လာတော့ ရထားပေါ်မှာ ကိုယ့်လူတွေ အိမ်ကို ချောချောမောမော ပြန်ရောက်ရဲ့လား ဖုန်းဆက်ကြည့်ရ သေးတယ်။

(ဆန္ဒပြပွဲ ဗီဒီယိုကို ဒီမှာ ကြည့်ပါ။)

ကိုပေါ။
(၂၀ ရက်။ နိုဝင်ဘာ ၂၀၀၇ ခုနှစ်)
Read more

“တောင်လေလာပါ”

မနေ့က အမှတ်တမဲ့ မြင်တွေ့ခဲ့ရသည့် မြင်ကွင်းတရပ်။

နောက်ဆက်တွဲ ဖြစ်ပေါ်လာသော ခံစားချက်သည် ယခုအချိန်ထိ ကျနော့် နှလုံးသားအား ပီတိနှင့်အတူ နာကျင်စေလျက်ရှိသည်။

ကျနော်တို့သည် ပီတိဖြစ်သည့်အခါ “ဖရဏာပီတိ ဂွမ်းဆီထိ” ဆိုသကဲ့သို့လည်းကောင်း၊ “နှလုံးကို ဆီစိမ်ထား သည်” ဆိုသကဲ့သို့လည်းကောင်း နူးညံ့နွေးထွေးသော ခံစားမှုနှင့်သာ ၀မ်းမြောက်ကြည်နူးကြတတ်ကြခြင်း ဖြစ်ပါသည်။

ယခုကား ထိုသို့မဟုတ်။ ကျနော့်နှလုံးသားသည် ပီတိနှင့်အတူ တစစ်စစ် နာကျင်လျက် ရှိပါသည်။

အဖြစ်အပျက်က သည်လို။

မနေ့က “စင်ကာပူ လူ့အခွင့်အရေး” အဖွဲ့မှ ပြုလုပ်သော “အာဆီယံ ပြည်သူများသည် လူ့အခွင့်အရေးကို ယခုချက်ချင်း လိုချင်ကြသည်” ခေါင်းစဉ်ပေးထားသည့် ဖိုရမ်တခုသို့ တက်ရောက်ဖြစ်သည်။ စင်ကာပူရောက် မြန်မာအများအပြားလည်း ကျနော့်နည်းတူပင် တက်ရောက်လာကြ၏။ တက်ရောက်လာသမျှ နိုင်ငံခြားသားရော၊ မြန်မာများပါ စုစုပေါင်း ပရိသတ် ၁၃၀ ခန့်။ အများစုက အနီရောင်တီရှပ်များ ၀တ်ဆင်ထားကြသည်။ မြန်မာ့ဒီမို ကရေစီအရေးကို ထောက်ခံအားပေးသည့် သဘော။

အစီအစဉ်အရ မိုးပျံပူပေါင်းများလွှတ်တင်မည့် အစီအစဉ်ပါသည်။ မိုးပျံပူပေါင်း စုစုပေါင်း ဆယ်လုံး။ အာဆီယံ အဖွဲ့ဝင် ဆယ်နိုင်ငံကို ကိုယ်စားပြုသည်။ ပူပေါင်းတလုံးချင်း၏ အောက်ဖက်တွင် “ဖရီးဘားမား” စာတန်းပါ ဒေါ်အောင်ဆန်းစုကြည်ပုံ (အေဖိုး ဆိုက်)တပုံစီ ချိတ်ဆွဲထားကာ ဓါတ်ပုံ ကျောဘက်တွင်လည်း အာဆီယံအဖွဲ့ဝင် နိုင်ငံတခုချင်း၏ အမည်ကို ရေးထိုးထားသည်။ ဖိုရမ်ပြုလုပ်နေစဉ် တလျှောက်လုံး အဆိုပါ ပူပေါင်းများသည် ခန်းမ မျက်နှာကျက်ကို ထိကပ်လျက်။ အောက်တွင် ချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံများ မျက်စေ့နှင့် တတန်းတည်းရှိနေပုံမှာ အင်မတန်ပသာဒ ရှိလှပါသည်။

ဖိုရမ်အပြီးတွင်တော့ အားလုံးအောက်သို့ဆင်းကာ ဟိုတယ်အ၀င်ပေါက် ဆင်ဝင်အောက်တွင် စုရုံးကာ ပူပေါင်းများကို လွှတ်တင်ဘို့ ပြင်ဆင်ကြသည်။ ကျနော်တို့သည် မိုးပျံပူပေါင်း ဆယ်လုံးကို တစုတစည်းတည်း စုချည်လိုက်သည်။ အာဆီယံ၏ စုစည်းညီညွတ်သည့် သဘောကို ပြလိုသည့် သင်္ကေတ။

အပြင်ဘက်တွင် မိုးများသည်းထန်စွာ ရွာသွန်းနေသည်။ တော်တော်နှင့်လည်း တိတ်မည့်ပုံ မပေါ်။ သည်တော့ မိုးရွာထဲတွင်ပင် ပူပေါင်းလွှတ်ဖို့ ပြင်ကြသည်။

ဆင်ဝင်ဘေးဘက်နားဆီမှ ပူပေါင်းများကို လေထဲသို့ လွှတ်တင်လိုက်ချိန်၊ အားလုံးက “ဖရီးဘားမား”ဟု သုံးကြိမ်။ “ဖရီးစင်္ကာပူ”ဟု သုံးကြိမ် အင်္ဂလိပ်လို လက်သီးလက်မောင်းတန်း ကြွေးကြော်ကြသည်။

သည်အချိန်မှာပင် မထင်မှတ်ထားတာတခု ရုတ်တရက် ထဖြစ်သည်။ မိုးကရွာနေသဖြင့် ပူပေါင်းတွင် ချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံကို ရေစိုကာ အလေးချိန်များ လာသဖြင့် မိုးပျံပူပေါင်းများသည် အောက်သို့ တဖြည်းဖြည်းချင်း ပြန်နိမ့်ဆင်းလာခြင်းဖြစ် သည်။

ချက်ချင်းဆိုသလို ဆင်ဝင်အောက်တွင်ရှိနေသော လူငယ်အုပ်စုမှ ကျောင်းသားလူငယ် များသည် ခေါင်းပေါ်တွင် လက်ကလေးများ ယှက်မိုးလျက် မိုးရွာထဲသို့ ပြေးထွက်ကာ ပူပေါင်းများနောက်သို့ ပြေးလိုက်ကြလေတော့သည်။ သူတို့သည် ပူပေါင်းများတွင် ချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်ပုံ မြေပေါ်သို့ ပြန်ကျလာမည်ကို မလိုလားကြ။ မိုးရေအစိုခံ၍ လိုက်ဖမ်းကြသည်။ ထို့နောက် ပူပေါင်းတွေနဲ့အတူ ဆင်ဝင်အောက်ကို ပြန်ရောက်လာကြတော့ သူတို့ကိုယ်မှာ ရွှဲရွှဲစိုလျက်။ နောက်တော့ ပုံအရေအတွက် ကိုလျှော့ကာ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။

ကျနော့်ရင်ကို ပီတိဖြစ်စေသည်မှာ အခြားမဟုတ်။
စင်္ကာပူတွင် ကျောင်းတက်လျက်ရှိသော ခေတ်ပညာတတ်ကျောင်းသားလူငယ်များအနေဖြင့် ဒေါ်အောင်ဆန်း စုကြည် ပုံပါ ပူပေါင်းများကို မြေမကျအောင် မိုးထဲရေထဲတွင် ပြေးဖမ်းသည်မှာ အယူသည်း၍ မဖြစ်နိုင်။ ကျနော်တို့အားလုံး၏ အခွင့်အရေးနှင့် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသော လူထုခေါင်းဆောင် တယောက် အပေါ်တွင် ထားရှိသော သူတို့၏ မေတ္တာ၊ စေတနာနှင့် လေးစားမှုကြောင့်သာ ဖြစ်ကြောင်း ကျနော့်အနေနှင့် ကောင်းကောင်းနားလည် သဘော ပေါက်သောကြောင့်ဖြစ်သည်။

ကျနော့်နှလုံးသားတွင် နာကျင်ရသည်မှာကား အခြားမဟုတ်။
ကျနော်၏ ညီငယ်အရွယ်မျှသာ ရှိမည်ဖြစ်သော အဆိုပါကျောင်းသားကလေးများသည် အကယ်၍ ကျနော်တို့နိုင်ငံသာ လွတ်လပ်နေမည်ဆိုပါက လူငယ်တို့ဘာသာဘာဝ ပျော်ရွှင် ဘွယ်ကျောင်းသားဘ၀ကို အပူအပန်မရှိ ကျော်ဖြတ်နေကြမည်သာဖြစ်သည်။ ယခုမူကား သမိုင်း၏တောင်းဆိုမှုအရ သူတို့၏ ရှားရှားပါးပါး ကိုယ်ပိုင်အချိန်များကို လွတ်လပ်ရေးအတွက်၊ ဒီမိုကရေစီအရေးအတွက် နေ့နေ့ညည လာရောက် ပေးဆပ်နေကြရသည်။ သည်အတွက် ဂုဏ်ယူစိတ်နှင့်အတူ သူတို့လေးတွေ၏ ပေးဆပ်မှုအတွက် ရင်နင့်အောင် ခံစားမိခြင်း ဖြစ်ပါသည်။

တဆက်တည်း သတိရမိသည်မှာ မြန်မာပြည်တွင်း၌ တိုင်းပြည်လွတ်မြောက်ရေးနှင့် ဒီမိုက ရေစီအရေးအတွက် တဘ၀လုံးကို ပုံအပ်နှင်းကာ ပေးဆပ်နေကြသော ကျောင်းသား ခေါင်း ဆောင်များ။ ကျောင်းသားလူငယ် မျိုးဆက်သစ်များ။ နောက် ရဟန်းရှင်လူ ပြည်သူလူထုများ။

“ဘ၀မှာ အလှပဆုံး ဂုဏ်ပုဒ်တစ်ခုက
ဘာလဲ လို့မေးခဲ့ရင်
အရုပ်ဆိုးဆိုး နံရံလေးဘက်ကြားက
တွားသွားခဲ့ရတဲ့ နုပျိုမှုတွေပဲရှိတယ်.. တဲ့။ ”

(နှင်းခါးမိုး ဘလော့ဂ်တွင် ဖော်ပြထားသော ကဗျာတပုဒ်မှ)

သြော်…သူတို့တွေ အားလုံးအတွက် လေးစားစိတ်၊ ဂုဏ်ယူစိတ်နှင့်အတူ တိုင်းပြည်၏ အနာဂတ်အတွက် ဖြစ်ပေါ်လာသောပီတိ၊ သူတို့၏ ကိုယ်ကျိုးစွန့်ပေးဆပ်မှုများအတွက် ကျနော့်ရင်တွင် ဖြစ်ပေါ်ရသော နာကျင်ရမှုများ။

တခါက ဖတ်ခဲ့ဘူးသော မဂ္ဂဇင်းဝတ္ထုတပုဒ်မှ ခေါင်းစဉ်စာကြောင်းတိုလေးတခုသည် ရင်ထဲသို့ တိုးဝင် လာသည်။

“တောင်လေလာပါ”…တဲ့။

တောင်လေလာပါ။
အမိမြန်မာပြည်၏ နာကျင်ရမှုများကို
မုတ်သုံမိုးနဲ့ ဆေးကြောပေးပါ။
တောက်ပသော အနာဂတ်ကို
ကျနော်တို့ အားလုံးထံ သယ်ယူဆောင်ကြဉ်း ပေးလှည့်ပါ။

ကိုပေါ။
(၁၉ ရက်။ နိုဝင်ဘာ။ ၂၀၀၇)
Read more

“ပိတောက်ရိပ်ဝယ်….”

ကျနော့်ဘလော့ဂ်ခေါင်းစီးအား “ပိတောက်ရိပ်”ဟု အမည်ပြောင်းပေးလိုက်သည်။ သည်အမည်ကို ကျနော် စိတ်ကူးမိသည်မှာ ကြာပြီ။

ကျနော့်စိတ်ကူးပြောပြတော့ ကျနော့်ဇနီးက သည်ဘန်နာဒီဇိုင်းကို လိုလိုချင်ချင် ဖန်တီးပေးခဲ့ခြင်း။

ပုံထဲမှာပါတဲ့ ပိတောက်ပန်းများမှာ မြန်မာပြည်ကတော့မဟုတ်။ လွန်ခဲ့သည့် ၂ နှစ်ခန့်က ပီနန်မြို့ကို အလည် ရောက်စဉ် မြွေဘုရားကျောင်းကအထွက် လမ်းဘေးက ပိတောက်ပင် နိမ့်နိမ့်လေးမှာ ပိတောက်ပန်းတွေ ပင်လုံးကျွတ်ဝေနေတာကိုတွေ့ရတော့ သူမနှင့် ကျနော် ၀မ်းသာအားရ ဓါတ်ပုံရိုက်ယူကြသည်။

တယောက်က အကိုင်းကို ဆွဲချပေးထားစဉ် ကျန်တယောက်က ပန်းတွေကို ကင်မရာနဲ့ရိုက်။ ရှုဒေါင့်အမျိုးမျိုး၊ အကွာအဝေးအမျိုးမျိုး။

ပိတောက်ပန်းကို မဲနေသဖြင့် ဘေးဘီကို သတိမထားမိ။ နောက်တော့မှ အနီးအနား ကော်ဖီဆိုင်ထဲရှိ လူအားလုံးက ကျနော်တို့လုပ်ရပ်ကို အထူးအဆန်း သဖွယ် လှမ်းကြည့်နေကြ သည်ကိုတွေ့ရသည်။

မနေနိုင်တော့သော ဆိုင်ရှင်က ထွက်လာမေးသည်။ ဘာအတွက်များ ရိုက်နေကြသလဲပေါ့။ အင်းလေ....သူမေးလည်း မေးစရာပါဘဲ။ ပီနန်မှာတော့ ပိတောက်တွေက ဖောချင်းသောချင်း ပွင့်တာမျိုးမဟုတ်လား။ ပွင့်သည့်အချိန်အခါကလည်း “တနှစ်တွင် သည်တလပေပ၊ တလမှာ တရက်ထဲ ခက်ခဲတဲ့ ရက်ဗုဒ္ဓါ” မဟုတ်။ မိုးများ၍လောမသိ။ ပွင့်ချိန်မှာလည်း တာရှည်လှသည်။

ကျနော်မလေးရှားမှာ နေခဲ့စဉ်က ပီနန်ရောက်တိုင်း ပိတောက်ပွင့်ကြွေတွေ ကြဲပြန့်နေသည့် လမ်းတလျှောက်မှာ “ပိတောက်လမ်း” သီချင်းကို တကိုယ်တည်းညည်းရင်း လျှောက်ခဲ့ရတာ တွေကို သတိရ မိပြန်သည်။

ကျနော့်အနေနှင့်တော့ ပိတောက်ဟု ဆိုလိုက်သည်နှင့် ရင်ခုန်သံက မြန်ချင်လာသည်။

မှတ်မှတ်ရရ ဒုတိယနှစ် စာမေးပွဲတနေ့တွင် အိမ်မှာ ပိတောက်ပန်းတွေ ရသဖြင့် သူမအား ပေးရန် အလှဆုံးပိတောက်တခက် ရွေးယူသွားခဲ့ဘူးသည်။ သို့သော် ခရီးခုလတ်တွင် ညီမငယ်တယောက်က မရမက လုယူသွားသဖြင့် သူမအားမပေးလိုက်နိုင်ခဲ့။ နှစ်တွေ ရှည်ကြာသွားခဲ့သည်။

ပိတောက်ရိပ်သည် အေးမြသည်။ ပိတောက်၏ သင်္ကေတတွင် တက်ကြွခြင်း၊ မြူးပျော်ခြင်း၊ ဆန်းသစ်ခြင်းတို့ပါသည်။ မြန်မာတွေ ကမ္ဘာတလွှားဘယ်နေရာကိုရောက်ရောက် သင်္ကြန်အချိန် ရောက်တိုင်း ပိတောက်ကို သတိရကြသည်သာဖြစ်သည်။ ပိတောက်ရနံ့ကို တမ်းတကြသည်။ ဆရာ ဒဂုန်တာရာ ပိတောက်ကို တမ်းတရပုံကတော့ ထူးသည်။ သူ့ရဲ့ “ပိတောက်အမှတ်တရ” ကဗျာအဖွင့်မှာ သည်လိုရေးသည်။

အမှတ်တရ
များစွာအနက်၊ နှလုံးသားမှ
လျို့ဝှက်အစီရင်ခံစာ၊ ငါ့မှာမရှိ
ပိတောက်ပွင့်လျှင်၊ ရင်မှာခုန်လာ
တနှစ်တခါ၊ စေတနာက
စိတ္တဇလော
သို့မဟုတ်
အသစ်မွေးဖွားခြင်းလော
………။

ကျနော်တို့ စင်ကာပူရောက်မြန်မာတွေကတော့ ပြီးခဲ့သော သင်္ကြန်မှာ “ပိတောက်ချစ်သူ၊ စုချစ်သူ” ဆိုပြီး ရေကစား မဏ္ဍာတ်ထိုးကာ ပိတောက်အလွမ်းကို ဖြေကြသည်။ ပြီးတော့ အိုးဝေ(စင်ကာပူ) အင်တာနက်စာမျက်နှာက စာ၊ကဗျာ၊ ဆောင်းပါးတွေကို ရွေးချယ်စုစည်း ထားသည့် “ပိတောက်ချစ်သူ၊ စုချစ်သူ” လက်ကမ်းစာစောင်လေး အခမဲ့ ဖြန့်ဝေဖြစ်သည်။ ဆရာဒဂုန်တာရာရဲ့ ကဗျာကို နောက်ကျောဖုံးမှာ ကိုင်းညွတ်ကျနေသော ပိတောက်ခက်ကလေးများ ထောင့်နှစ်ထောင့်တွင်ထည့်ကာ ဖော်ပြခဲ့ကြသည်။ လက်ကမ်းစာစောင် အပြည့်အစုံကို သည်မှာ ဖတ်ပါ။

တချိန်တုန်းက ကျနော်မပေးဖြစ်ခဲ့သော ပိတောက်တခက်အတွက် သူမက ကျနော့်ကို ကဗျာတပုဒ် (မရေးတတ်ရေးတတ်နှင့်) ရေးပေးဖော်ရလေသည်။

ပြာလဲ့လဲ့ မိုးသားအောက်
ညှင်းခတဲ့ လေနုအေးမှာ
ယိမ်းနွဲ့ကာ ဟန်ပါပါနဲ့
စိမ်းရောင်စို ရွက်ကြိုကြားက
ဝါသွေးငယ် ဖူးတံတင့်လို့
ရှိန်းမြမြ ရနံ့ထုံသင်း။.............
တဲ့။

ကိုပေါ
(၁၅ ရက်၊ နိုဝင်ဘာ။ ၂၀၀၇)
Read more

“တို့ရွာမှာ…”

ငါမွေးခဲ့တဲ့ရွာရဲ့ အရှေ့ဘက်မှာ လယ်ကွင်းပြင်တွေရှိတယ်။ ရွာထိပ်ကထွက်ကြည့်ရင် ပုပ္ပါးတောင်ကလပ်နဲ့ ရှမ်းတောင်တန်းတွေကို ဟိုးအဝေးမှာ ရေးရေးမြင်ရတယ်။

ရွာအနောက်ဘက်မှာတော့ ပြောင်း၊နှမ်း၊ကုလားပဲ၊ မြေပဲ မျိုးစုံ စိုက်ပျိုးလို့ရတဲ့ ကိုင်းမြေ တွေရှိတယ်။ စေတုတ္တရာတို့ မင်းတုန်းတို့ဘက်က မြစ်ဖျားခံလာတဲ့ မုန်းချောင်းဟာ ကိုင်းမြေတွေကြားက ဖဲကြိုးတစလို ရစ်ခွေစီးဆင်းပြီး ဧရာဝတီမြစ်ကို ဦးတိုက်တယ်။

ရှောက်တော၊ကုန်းဇောင်း ရွာတွေကစလို့ မုန်းချောင်းတလျှောက် တို့ရွာတွေက တရွာနဲ့ တရွာဆက်နေတဲ့ ရွာစဉ်တန်းကြီးတွေပေါ့။

တခါတခါ ဧရာဝတီမြစ်ရေက ရွာခြေအထိ အလည်လာတတ်တယ်။ သူလာလည်ရင် ငါတို့ရဲ့မိဘ လူကြီးတွေလည်း ပျက်စီးသွားတဲ့ လယ်တွေကြည့်ပြီး မျက်ရည်လည်ရတာပေါ့။ ငါတို့ငယ်ငယ် ကတော့ လူကြီးတွေရဲ့ သောကကို ဘယ်နားလည်နိုင်ပါ့မလဲ။ ဧရာဝတီမြစ်ရေတက်ရင် မြစ်ရေစပ် လယ်ကွင်းတွေမှာ အဖေ ကွန်တလက်နဲ့ ငါးဖမ်းတဲ့နောက်ကို ပုလိုင်းတလုံးလွယ်ပြီး လိုက်ရတာကို အင်မတန်ပျော်ခဲ့ တယ်။

ငါတို့ရွာမှာ လျှပ်စစ်မီးမရှိ၊ ရေဒီယို အိမ်တိုင်းမရှိ၊ စာကြည့်တိုက်မရှိ။ အလယ်တန်းကျောင်းမရှိ။
နွေမှာဖုန်ထူ၊ မိုးမှာ ဗွက်ပေါက်။ အဲဆောင်းတွင်းမှာဆိုရင်တော့ မနက်စောစောထလို့ အညာ စောင်ကြမ်းကြီးတွေကို ခြုံလို့၊ မန်ကျည်းကိုင်းခြောက်တွေကို ထင်းဆိုက်ပြီး မီးလှုံကြတယ်။ ပြောင်းဖူးမီးဖုတ်စားကြမယ်။ ရွာတောင်ပိုင်းက ညွန့်အေးတို့ ညီအမ လည်ရောင်းတဲ့ ငှက်ပျောရွက်ကပ် ထားတဲ့ မုန့်ပေါင်းကို လက်နဲ့ ဆုပ်ဆုပ်ပြီး ပူပူနွေးနွေး စားကြမယ်။

မုန်းချောင်းက ရေကြီးတဲ့အခါမျိုးဆိုရင် ရွာပေါ်အထိရေတွေ တက်တတ်တယ်။ အဲသည်အခါမှာ ထင်းတွေနဲ့ နွားတွေကို ရေလွတ်တဲ့ အမြင့်ပိုင်းကို ပို့။ လူတွေကတော့ နှစ်ထပ်အိမ်အပေါ်ထပ်တွေမှာ တက်နေရတယ်။ သစ်လုံးတွေကို ထွင်းထားတဲ့ နွားစာခွက် (ငါတို့ဒေသမှာ နွားစခေါင်း လို့ခေါ်တယ်)တွေဟာ တအိမ်နဲ့ တအိမ် ကူးလူးသွားလာဘို့ လှေဖြစ်လာတယ်။ ငါတို့အိမ်က နွားစခေါင်းက ခပ်ပြားပြားမဟုတ်ဘဲ အလုံးကြီးဖြစ်နေလို့ အင်မတန်မှောက်လွယ်တယ်။ တခါက ရေထဲမှာ ထမီကို အသာမပြီး အိမ်လာလည်တဲ့ ငါ့ဒေါ်ကြီးကို အပြန်ခရီးမှာ ရေထဲမလျှောက်ရအောင် စေတနာဗလပွနဲ သူအတန်တန်တားတဲ့ကြားက နွားစခေါင်းကို လှေလှော်ပြီးလိုက်ပို့တယ်။ အိမ်လှေကားက စထွက်လို့ သိပ်တောင်မှ မလှော်ရသေးဘူး နွားစခေါင်းက မှောက်သွားလို့ ဒေါ်ကြီးခမျာ ထမီပါမက ခေါင်းကစလို့ တကိုယ်လုံးရွှဲသွားတယ်။ ဆူလိုက်၊ ဆဲလိုက်တာ မပြောပါနဲ့တော့။

မိုးတွင်းမှာဆို မနက်မိုးမလင်းခင် ရွာထိပ်က ကျွဲချိုမှုတ်သံ၊ ဒါမှမဟုတ် မောင်းအသေးလေးကို ထုသံကြားရမယ်။ ပျိုးနှုတ်မယ့်လူတွေကို လူစုနေတာလေ။ ကောက်စိုက်မတွေကတော့ ငါတို့အိမ်ရှေ့က ကင်းတဲနားမှာ လူစုရင်း မှောင်ထဲမှာ တွတ်ထိုးနေကြမယ်။

အဲသည်ရွာကလေးမှာ ဆယ်စုနှစ်တွေ ပြောင်းသွားလည်း လူတွေရဲ့ ဘ၀က ထူးခြားပြီး ပြောင်းလဲမလာ။ သူတို့တတွေ မင်္ဂလာဆောင်တွေမှာ ထညက်ရည်နဲ့ ပေါင်မုန့်ကြမ်းကို အချပ်လိုက်ကျွေးနေကြဆဲ။ မနက်မိုးမလင်းခင် လယ်ထဲဆင်း၊ နွားနဲ့ဖက် ရုန်းကန်နေကြဆဲ။ ကမ္ဘာတလွှားက နည်းပညာ ပြောင်းလဲ မှုတွေဟာ သူတို့နဲ့ မဆိုင်သလိုဘဲ။ ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာ သွားမပြောနဲ့။ ကံမကောင်းရင် ဆဲအလွှတ်ခံ ရမယ်။ အခြေခံ လူ့အခွင့်အရေးတွေအကြောင်းကို တွေးမနေကြ။ သိလည်း မသိကြ။ လက်ဘက်ရည်ကြမ်းအိုး၊ ဆေးပေါ့လိပ်နဲ့ လက်ဖက်သုတ် တပန်းကန်ဟာ သူတို့အပန်းဖြေဘို့ အတွက် လိုအပ်တဲ့ အခြေခံအရာတွေပေါ့။

တခါတခါတော့ လူတွေဟာ ကံကြမ္မာရဲ့ ပစ်ချခံရတဲ့နေရာမှာ လူဖြစ်လာကြပြီး ရောက်ရာ အရပ်မှာဘဲ ရောင့်ရဲစွာ၊ ဘာကိုမှ သိနားလည်ခွင့်မရစွာနဲ့ ဘ၀ကို ရိုးရိုးစင်းစင်းနေထိုင် သွားကြတတ်တာကို တွေးနေမိတယ်။ မသိတဲ့ လူတွေကတော့ရှင်းတယ်။ ခံလို့ ခံနေရမှန်းမသိတော့ နေပျော်တယ်။ ခံနေရတာကို သိနေရတဲ့လူကတော့ မနေပျော်တော့ဘူးပေါ့။

ဘာဘဲပြောပြော ငါ့ရွာလေးကို တခါတခေါက်လောက်တော့ ပြန်သွားဘို့ဆန္ဒရှိနေတုန်းဘဲ။

ကိုပေါ
(၁၄ ရက်။ နိုဝင်ဘာ။ ၂၀၀၇ ခုနှစ်)


Read more

“ရဲစခန်းမှာ….(၁)”

မနေ့ညက တန်လင်းရဲစခန်းဟောင်းကို ထပ်ရောက်ဖြစ်ပြန်သည်။

ညနေရုံးဆင်းကာနီးမှ စင်ကာပူ ရဲက ဖုန်းဆက်ခေါ်ခြင်းဖြစ်သည်။ ညဦးပိုင်းမှာ အစည်းအဝေးတခုက ဖိတ်ထားတာရှိသည့်အတွက် ည ၉ နာရီတွင် လာမည်ပြောလိုက်သည်။

အစည်းအဝေးရောက်တော့ အဲဒီမှာ ရှိတဲ့ လူအချို့ကိုလည်း ရဲကခေါ်ထားကြောင်းသိရသည်။ အဲသည်မှာ ရယ်စရာတခုကြုံရသေးသည်။ အစည်းအဝေးအချိန်မှာ ည ၇ နာရီမှ ၉ နာရီအထိ ဖြစ်ရာ ရဲက ခေါ်လိုက်တိုင်း အားလုံးက ကိုးနာရီနောက်ပိုင်းမှ အားမည်ပြောကြသဖြင့် ကြာတော့ ရဲက သင်္ကာမကင်းဖြစ်လာသည့် လက္ခဏာဖြင့် “ဘာလဲ…မင်းတို့အစည်းအဝေးများ ရှိနေသလား။ အားလုံးက ကိုးနာရီ နောက်ပိုင်းမှ အားမယ်ချည်းပြောနေတယ်…” ဟု မှတ်ချက်ချခြင်းပင်ဖြစ်သည်။

ကျနော်တို့လင်မယားနည်းတူ ရဲအခေါ်ခံရသော မိတ်ဆွေ အမျိုးသမီးငယ် တဦးနှင့် သုံးယောက်သား
အစည်းအဝေးမှနေ၍ တန်လင်းရဲစခန်းဟောင်းသို့ တက္ကစီငှားကာ သွားကြသည်။ ရဲစခန်းဟောင်းမှာ ပတ်ပတ်လည် အလုံပိတ် သံဆူးကြိုးကာရံထားပြီး ရဲအချုပ်ခန်းနှင့် ပိုတူလေသည်။ ပထမအကြိမ်ရောက်ခဲ့စဉ်က ရေကြည်အိုင်ဆိုတာ ဒါမျိုးကြီးလားဟု စိတ်ထဲတွင် တွေးပူလိုက် မိပါသေးသည်။ ဂိတ်ဝအတွင်းဘက်တွင်စောင့်နေသော ဂေါ်ရာ စစ်ပုလိပ်များက သံတံခါး အမြင့်ကြီးကို အနည်းငယ်ဟ၍ အကျိုးအကြောင်း မေးမြန်းကာ တွေ့လိုသူကို အကြောင်းကြား ခေါ်ပေး၏။

ခဏမျှစောင့်ဆိုင်းပြီးသောအခါ အရပ်ဝတ် အမျိုးသမီးစီအိုင်ဒီ အရာရှိတဦးနှင့် အမျိုးသား အရာရှိတဦး ထွက်လာခေါ်သည်။ ၀င်းကြီးအလယ်ရှိ အဆောက်အဦးကို ရောက်သောအခါ ရိုးရိုးလှေကားကနေ သုံးထပ်အထိ တက်ကာ အထဲမ၀င်ခင် ကျနော်တို့ပါလာသမျှ ပစ္စည်းပစ္စယတွေကို လှေကားထိပ် အခန်းကျဉ်း လေးထဲက လော့ကာတွင် ထည့်ခဲ့ရသည်။ ကျနော်တို့ အိုင်စီကဒ်များကို ယူထားပြီး ၀င်ခွင့်ကဒ်ပြား တယောက်တခုထုတ်ပေး၍ လည်ပင်းမှာ ဆွဲလိုက်ရသည်။

သည့်နောက် တံခါးကိုဖွင့်ပြီး ဟိုတယ်ခန်းတွေနှင့်တူသော ဘေးနှစ်ဘက်တွင် စီတန်းနေသည့် အင်တာဗျူး အခန်းတွေကြားက လမ်းကို ဖြတ်လျှောက်ကာ သက်ဆိုင်ရာအခန်းထဲသို့ ခေါ်သွားသည်။

အခန်းထဲတွင် စားပွဲတလုံး၊ ကုလားထိုင် လေးလုံး။ သံဘီဒိုတလုံး။ အခြား ပရိဘောဂ အထူးအထွေမရှိ။

စားပွဲ သည်ဘက်က ကုလားထိုင်နှစ်လုံးမှာ ကျနော်တို့ လင်မယားကို ထိုင်စေသည်။ စားပွဲ၏ အခြားတဖက်မှာ စောစောက အမျိုးသမီးရဲအရာရှိနှင့် အမျိုးသားရဲအရာရှိ ၀င်ထိုင်သည်။ အမျိုးသမီးရဲအရာရှိက အရင်တခေါက် ကတည်း တွေ့ဘူးပြီးသား။ အမျိုးသားရဲအရာရှိကတော့ အရင်တခေါက်ကလူ မဟုတ်တော့။

ကျနော်တို့က ရုံးဆင်းသည်နှင့် အစည်းအဝေးတခုကို အရင်သွား၊ အဲသည်ကမှ ရဲစခန်းကို တန်းလာရသည့်အတွက် ညနေစာမစားရသေးကြောင်းပြောပြသောအခါ ကျနော့်အတွက် ဟော်ဖန်း ဟုခေါ်သော ကော်ရည်ခေါက်ဆွဲတထုပ်နှင့် ကျနော်ဇနီးအတွက် ခေါက်ဆွဲကြော် တထုပ်၊ ပြီးတော့ သောက်ရေသန့်ဘူးတွေ ယူလာကာ ကျွေးမွေးဖော်ရသည်။

စားသောက်ပြီးတော့….စကားပြောခန်း စလေပြီ။

လာမည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် ကျနော်တို့တတွေ ဘာလုပ်ရန် အစီအစဉ်ရှိပါ သနည်း အစချီကာ ဘာညာသာရကာ မေးမြန်းတာမျိုးအပြင် ကျနော်တို့၏ အမြင်နှင့် အကြံပြုချက်များကို သိချင်ပါသည် ဆိုလာသည့်အတွက် လင်မယားနှစ်ယောက် ထိုင်ပြီး အာလူးဖုတ်လိုက်ရာ မူလက နာရီဝက်ကြာမည် ခန့်မှန်းထားသည့် အင်တာဗျူးမှာ တနာရီ နီးပါးလောက် ကြာသွားသည်။

စင်ကာပူတွင် နေထိုင်လျက်ရှိသော ကျနော့်အသိ မြန်မာတဦးကတော့ စင်ကာပူရဲတွေကို ဆွယ်တရား ဟောဘို့ထက် အဓိက အရေးပါသော လူကြီးများ (ဥပမာ လွှတ်တော်အမတ်၊ သံအမတ်၊ နိုင်ငံခြားရေး ၀န်ကြီးအဆင့် စသည်) လောက်ကိုသာ ဦးတည်စည်းရုံးရန် အားသန်ပုံရလေသည်။ ကျနော်တို့အနေဖြင့်တော့ မိမိတို့နှင့်တိုက်ရိုက်ထိတွေ့နေသော အောက်ခြေ၀န်ထမ်းများကိုလည်း မိမိတို့၏ ယုံကြည် ချက်နှင့် မိမိတို့၏ ရပိုင်ခွင့်များ အကြောင်းကို အခွင့်ရတိုင်း ပြောပြသင့်သည်ဟု ယူဆသည်။ ကျနော်တို့သည် လူ့အဖွဲ့အစည်းတခု (သို့) လူမှုအဆောက်အအုံတခု(သို့) နိုင်ငံရေးစနစ်တခုကို ပြောင်းလဲရာတွင် အောက်ခြေလူထုတရပ်လုံး၏ တခဲနက်ပူးပေါင်းပါဝင်မှုကို အလေးအနက် ယုံကြည်ကြသည် မဟုတ်ပါလော။

သို့နှင့်…ရောက်ရောက်ချင်း စတင်ပြောဖြစ်သည်မှာ နေ့ကြီးအခါကြီး၊ ပွဲကြီးများ နီးလာတိုင်း မိမိတို့အား ယခုကဲ့သို့ အချိန်မတော် ခေါ်ယူမေးမြန်းနေခြင်းမှာ မဖြစ်သင့်ကြောင်း၊ စင်ကာပူတွင် ရာဇ၀တ်မှု နည်းပါးသဖြင့် ညဥ့်နက်သန်းခေါင် အဖော်မပါ လမ်းလျှောက်လျှင်ပင် ဘာမှ စိုးရိမ်စရာမရှိဟု နာမည်ကျော်ကြားလှ သော်လည်း တကယ်တမ်းတွင်မူ နေ့ခင်းကြောင်တောင် လမ်းထွက်လျှောက်သည်မျှကိုပင် မပြီးနိုင်မစီးနိုင် ခေါ်ယူမေးမြန်းနေသည်ကို တွေ့ရသည့်အတွက် မိမိတို့အနေဖြင့် အမှန်တကယ် လုံခြုံမှုရှိသည်ဟု မခံစားရကြောင်း၊ ထို့ကြောင့် နောက်နောင်တွင် ဤသို့မပြုလုပ်ရန်အကြံပြုလိုကြောင်းနှင့် အကယ်၍ လုံခြုံရေးအရ သိလိုသည်များရှိက မိမိတို့အား တယ်လီဖုန်းမှတဆင့်သော်လည်းကောင်း သို့မဟုတ် မိမိတို့နေထိုင်ရာ အရပ်သို့ လာရောက်၍ ဖြစ်စေ မေးမြန်းနိုင်ကြောင်း ပြောပြရာ ရဲအရာရှိများက နောင်တွင် ၄င်းတို့အနေဖြင့် အထူးသတိထား၍ ဆောင်ရွက်ပေးမည်ဟု ပြောပါသည်။

သတိပြုမိသော အချက်တခုမှာ ယခုအချိန်အထိ ရဲစခန်းတွင် ခေါ်ယူမေးမြန်းသော ရဲအရာရှိများအနေဖြင့် ယဉ်ကျေးဘွယ်ရာ ပြောဆိုဆက်ဆံတတ်ခြင်း ဖြစ်ပါသည်။

သူတို့ဘက်မှ ပြောသည့်အကြောင်းအရာမှာ ဖွင့်နေကျ ဓါတ်ပြားဟောင်းဟု ဆိုရမည့် တည်ငြိမ်မှုနှင့် ဥပဒေစိုးမိုးရေး။ သည်တခေါက်တွင် နောက်တခုတိုးလာသည်က မြန်မာ့အရေးကို ခုတုံးလုပ်ပြီး စင်ကာပူအစိုးရ၏ သိက္ခာကျဆင်း စေရန် လုပ်ဆောင်နေသော လူတချို့အား နားယောင်ပြီး မလိုက်မိဘို့ အကြံပေးချင်သည် ဆိုသည်မျိုး။

ကျနော်တို့အနေဖြင့် အဓိကပြောဖြစ်သော အကြောင်းအရာများမှာ

(၁) စင်ကာပူရဲများ၏ အကျင့်ပျက်လာဘ်စားခြင်းကင်းတဲ့ ပုံရိပ်ကို ကျနော်တို့ အသိအမှတ်ပြုကြောင်း၊ ဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးတို့နှင့် ပတ်သက်သော ၄င်းတို့၏ စိုးရိမ်ပူပန်မှုကို ကျနော်တို့အနေဖြင့် နားလည်သဘောပေါက်ကြောင်း။ တချိန်တည်းတွင် ကျနော်တို့ တဦးချင်း၏ လွတ်လပ်ခွင့်နဲ့ အခြေခံ အခွင့်အရေးများကို စင်ကာပူ အာဏာပိုင်များအနေဖြင့် လေးစားအသိအမှတ်ပြုဘို့ အထူးလိုအပ်ကြောင်း။ လူတဦးချင်း အနေနှင့် လွတ်လပ်ခွင့် မရှိလျှင်၊ အခြေခံအခွင့်အရေးများ ဆုံးရှုံးနေလျှင် အထက်တွင် ဆိုခဲ့သော တည်ငြိမ်အေးချမ်းရေးသည် မည်သို့မျှ အဓိပ္ပါယ်ရှိတော့မည် မဟုတ်ကြောင်း။

(၂) စင်ကာပူတွင် အတိုက်အခံပါတီဖြစ်စေ၊ အာဏာရပါတီဖြစ်စေ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသည်ဆိုလျှင် မည်သူ့ကိုမဆို ကျနော်တို့အနေဖြင့် မိတ်ဆွေကောင်းအဖြစ် ယူဆမည် ဖြစ်ကြောင်း။

(၃) လူတဦးချင်းအပေါ် အခြေခံ အခွင့်အရေးတွေကို အသိအမှတ်ပြုပြီး ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ အသိတရားများကို ရင့်ကျက်စေခြင်းဖြင့်သာ ရေရှည်မှာ တည်ငြိမ်မှုကိုရမှာ ဖြစ်ကြောင်း။ လူအများ၏ ဆန္ဒနဲ့ ဆန့်ကျင်ပြီး အကြောက်တရားဖြင့် အုပ်ချုပ်ထားခြင်းသည် လတ်တလောတွင် တည်ငြိမ်နေသယောင် ထင်ရသော်လည်း တကယ်အရေးကြုံ၍ လူတို့၏ ခံစားမှုများ ပေါက်ကွဲထွက်သည့် တချိန်တွင် အသိတရားအပေါ် ခံစားမှုက ကျော်လွန်လွှမ်းမိုးသွားခဲ့ပါက မတည်မငြိမ်များ ပေါ်ပေါက်လာနိုင်ကြောင်း။

၎င်းအချက်တွေအပေါ်မှာ အခြေခံပြီး စင်ကာပူရဲများ၊ အာဏာပိုင်များအနေဖြင့် လူတို့၏ အခြေခံအခွင့်အရေးများကို တိုးမြှင့်၍ အသိအမှတ်ပြုသင့်ကြောင်း။ ဒီမိုကရေစီအရေး လှုပ်ရှားသူ များမှ ဆန္ဒပြခွင့်ပါမစ်လျှောက်ထားလာခဲ့လျှင် ခွင့်ပြုသင့်ကြောင်းတွေကို ပြောပြဖြစ်ပါသည်။
.............အပိုင်း (၂) ကို ဆက်လက်ရေးသားပါမည်။........
ကိုပေါ
(၁၃ ရက်။ နိုဝင်ဘာ။ ၂၀၀၇)

Read more

“လွယ်အိတ်တလုံးနဲ့.....”

အခုတလော သူနဲ့ကျနော် မကြာမကြာပြန်လည်ဆုံတွေ့မိပါတယ်။ တနေ့ညတုန်းကဆိုရင် တညလုံး သူနဲ့ဘဲအချိန်ကုန်သွားတယ်။

အမှန်တော့ နှစ်ပေါင်းများစွာ ဝေးကွာနေပြီးမှ ပြန်လည်ဆုံတွေ့ကြရတာဆိုရင်လည်း မှားမယ်မထင်ပါဘူး။ သူ့ကို ကျနော်စတင်ရင်းနှီးတော့ ကျနော်က အလယ်တန်းကျောင်းသားဘ၀မှာပါ။ နောက်ပိုင်း ဆယ်တန်းဖြေပြီးတော့ ကျောင်းတွေ အကြာကြီး ပိတ်ထားတုန်းမှာ သူ့ကို တော်တော်ဘဲ ထဲထဲဝင်ဝင် ရင်းနှီးလာခဲ့ပါပြီ။ အရွယ်ရောက်စ ကျနော့်အနေနဲ့ သူ့ကို မသိမသာ စွဲလမ်းစပြုလာပါတော့တယ်။

သူ ဆိုတာ ဘယ်သူလဲလို့ သိချင်နေကြပြီ ထင်ပါရဲ့။ တခြားမဟုတ်ပါဘူး။ စာရေးဆရာ၊ ဒါရိုက်တာ ဆရာ မောင်မိုးသူ ကို ပြောနေတာပါဗျိုး။ ဆရာ့ကို လူကိုယ်တိုင် အပြင်မှာ မမြင်ဘူးပါဘူး။ သူ့ရဲ့ စာအုပ်တွေကဘဲတဆင့် သိနားလည်ခွင့် ရတာမျိုးပါ။ သူ့ကိုစွဲလမ်းတယ်ဆိုတာ သူ့စာအုပ်တွေ၊ သူ့ဘာသာပြန်လက်ရာတွေကို စွဲလမ်းတာကို ပြောတာပါဗျိုး။

ကျနော်ဆရာ့လက်ရာတွေကို စဖတ်ရတာကတော့ ကျနော်အလယ်တန်းကျောင်းသားဘ၀က လစဉ်ထုတ် မဂ္ဂဇင်းတွေမှာ ဆရာစတင်ရေးသားတဲ့ “လွယ်အိတ်တလုံးနဲ့ ရွာစဉ်လည်” ဆောင်းပါးတွေက စတာပါဘဲ။ အဲသည်ကတည်းက ဆရာ့ ဆောင်းပါးလေးတွေကို ကြိုက်နှစ်သက်ပြီး ဂရုတစိုက် စောင့်ဖတ်လေ့ရှိခဲ့တယ်။

မှတ်မှတ်ရရ ဆယ်တန်းကျောင်းသားဘ၀မှာ အင်းစိန် လမ်းသစ်လမ်းမဘေးမှာရှိတဲ့ ဂန္ထ၀င် စာကြည့်တိုက်ကနေ ဆရာဘာသာပြန်တဲ့ “ချစ်ပုံပြင်” (မူရင်းကတော့ Eric Segal's Love Story) စာအုပ်ကို ငှားဖတ်မိတယ်။ ကျနော်ကလည်း လူပျိုပေါက်အရွယ်၊ မူရင်းအချစ်ဝတ္ထုကိုယ်တိုင်က နာမည်ကြီးဝတ္ထု၊ နောက်ပြီး ဆရာ့ရဲ့ ဘာသာပြန် အရေးအသားကလည်း အင်မတန် ကောင်းမွန်လှတာမို့ ကျနော့်မှာ ၀တ္ထုဖတ်ရင်း မျက်ရည်ကျအောင် ငိုရတဲ့ ပထမဦးဆုံး ၀တ္ထုဆိုရင် မမှားပါဘူး။ “အချစ်ဆိုတာ ၀မ်းနည်းပါတယ်လို့ ပြောစရာမလိုတဲ့အရာပါ” လို့ အိုလီဗာ့ကို ဂျင်နီပြောခဲ့တဲ့ စကားလေးတွေကအစ ရင်ထဲမှာ ကျန်ရစ်နေခဲ့ပါ တယ်။ ၀တ္ထုထဲမှာ ဂျင်နီ က အိုလီဗာကို “အိုလီ” လို့ ချစ်စနိုးခေါ်တတ်တာ လေးကိုလည်း သတိရနေမိတယ်။

နောက်တော့ ဆရာ့ရဲ့ တခြားဘာသာပြန် လက်ရာ (မူရင်းစာရေးဆရာ ကင်းဖောလေးရဲ့ နာမည်ကျော် စပိုင်ဝတ္ထုတွေဖြစ်တ)ဲ့ “ကျားကုတ်ကျားခဲ” (Eye of the needle)၊ “ရေဘက်ခါသော့ချက်” (The Key to Rebecca) ၀တ္ထုတွေ၊ ၀ီလ်ဘာစမစ်ရဲ့ Mercenaries ကို ဆရာပြန်ဆိုတဲ့ “ကြေးစား” ၀တ္ထုတွေဟာ ဖတ်မိရင် လက်ကမချချင်အောင် ကောင်းမွန်တဲ့ ဘာသာပြန်ဝတ္ထုတွေ ဖြစ်လာပြီး ကျနော်ဟာလည်း ဆရာ့ရဲ့ အမာခံ ပရိသတ်တယောက်ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါတယ်။

ဆရာ့လက်ရာတွေ အပေါ် ကျနော်ဘယ်လောက်များ စွဲမက်သလဲဆိုရင် မလေးရှားမှာ ကျနော် အလုပ်လုပ်စဉ်က ကျနော့်အလုပ်လုပ်တဲ့နေရာနဲ့ မိုင်ပေါင်းများစွာ ဝေးတဲ့ ကွာလာလမ်ပူက စာအုပ် အဟောင်းဆိုင် တဆိုင်ကို တကူးတက သွားပြီး The key to Rebecca ၀တ္ထုနဲ့ Mecernaries စာအုပ်တွေကို မရမက သွားရှာ ၀ယ်ခဲ့ပါတယ်။ ဒီစာအုပ်တွေကို ဆရာဘာသာပြန်ပုံကို မူရင်းနဲ့ တိုက်ဆိုင်ဖတ်ချင်လို့ပါ။ အဲသည်မှာ ဆရာရဲ့ ဘာသာပြန်စွမ်းရည်ကို သြချရတော့တာပါဘဲ။ “ရေဘက်ခါ သော့ချက်”စာအုပ်မှာ အာရပ်သူခိုး အဗ္ဗဒူလာ၊ သူ့ညီတော်မောင် ယာစက် နဲ့ အဲလက်စ်ဝူတို့ စကားပြောခန်းတွေမှာ ဆရာဘာသာပြန်ပုံဟာ အင်မတန် ပညာသားပါလှတာကို တွေ့ရပါတယ်။

အလားတူဘဲ “ကြေးစား” ၀တ္ထုမှာ ကြေးစားစစ်သား ၀ယ်လီဟင်နရီရဲ့ စကားတွေ၊ အမူအရာတွေကို ဆရာ ဘာသာပြန် ဆိုပုံ ညက်ညောလှတဲ့အတွက် ၀ယ်လီဟင်နရီရဲ့ စက်ဆုတ်စဖွယ် ဇာတ်ကောင်သရုပ်ဟာ အထင်းသား ကြွတက်လာပါတော့တယ်။

နိုင်ငံရေးနဲ့ ပတ်သက်လို့တော့ အရင်က ဆရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါဝင်လုပ်ဆောင်ခဲ့တာကို တစွန်းတစကြားသိခဲ့ဘူးပါတယ်။ အခု ကျနော် နိုင်ငံခြားကို ထွက်လာပြီးမှသာ ဆရာရဲ့ နိုင်ငံရေးလှုပ်ရှားမှုများကို အသေးစိတ် ထပ်မံသိရှိခွင့် ရခြင်းပါ။ အဲသည်လို သိရှိရတော့ ဆရာ့အပေါ် ယခင်လေးစားရင်းစွဲရှိပြီးသားမှာ ထပ်မံပြီး ပိုမိုလေးစားခဲ့ရပါတော့တယ်။

ဆရာ နောက်ပိုင်းရေးဖြစ်တဲ့ “လွယ်အိတ်တလုံးနဲ့ ရွာစဉ်လည်” ဆောင်းပါးတွေကို စုစည်းပြီး ထုတ်ဝေထားတဲ့ စာအုပ်ကိုတွေ့လို့ ၀ယ်ဖတ်ဖြစ်တယ်။ အမာ့ကို ဆရာနောက်ဆုံးအနေနဲ့ သွားတွေ့တဲ့ ဆောင်းပါးလေးကို ဖတ်မိတော့ ကျနော့်အနေနဲ့ ဆရာပေးချင်တဲ့ သံဝေဂကို မရနိုင်ဘဲ ရင်ထဲမှာ မချိတင်ကဲ ၀မ်းနည်းရပါတယ်။ ဆရာ့မိတ်ဆွေတွေ ရေးတဲ့ ဆရာ့အကြောင်းကိုလည်း မိုးမခမှာ ဖတ်ရတယ်။ ဆရာ့အကြောင်းကို ပိုနားလည်လာရသလိုဘဲ။

အခုတော့...ဆရာလည်း အသက်အရွယ်ကြီးရင့်ပါပြီ။ ဒါပေမယ့် ဆရာ တက်တက်ကြွကြွ သွားလာလှုပ်ရှားနေတဲ့သတင်းလေးတွေကို အင်တာနက်သတင်းတွေကတဆင့် မြင်တွေ့နေရဆဲ ဖြစ်လို့ ဆရာ့ကျန်းမာရေးအတွက်၊ ဆရာ့ရဲ့တက်ကြွဆဲ စိတ်ဓါတ်အတွက် ၀မ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။

ဆရာမောင်မိုးသူတယောက် နောင်လာမယ့် နှစ်ပေါင်းများစွာအထိ ကျန်းမာပျော်ရွှင်စွာနဲ့ “လွယ်အိတ်တလုံးနဲ့ ရွာစဉ်လည်နိုင်ပါစေကြောင်း” လှိုက်လှိုက်လှဲလှဲ ဆုတောင်းလိုက်ပါတယ်။

ကိုပေါ။
(၁၁ ရက်။ နိုဝင်ဘာ ၂၀၀၇ )

Read more

ဟောဟိုအရာ….အဖြူပါပေ မြင်သလားမေ

မောင်..ရှေ့ကို တည့်တည့်လျှောက်မယ်လေ...
မေလည်း တည့်တည့်လိုက်ကာ လျှောက်မယ်မောင်ရေ….
ဟောဟိုအရာ….အဖြူပါပေ မြင်သလားမေ….
ဘော်သာခွာကြူပုလဲဖြူ… မြင်သားပေါ့သက်ဝေ…..

မင်္ဂလာဆောင်မှာ ဖွင့်နေတဲ့ သီချင်းမဟုတ်ရပါဘူး….မိတ်ဆွေတို့။

ကျနော် ကိုပေါ နဲ့ ဇနီး မဒမ်ပေါ တို့ နှစ်ယောက် ပြီးခဲ့တဲ့ သြဂုတ်လထဲတုန်းက အကျီအဖြူ ကိုယ်စီဝတ်ပြီး တည့်တည့်အလျှောက်ကောင်းလို့ စင်ကာပူက ရဲစခန်းကို နှစ်ကြိမ်တိတိ အလည်အပတ်ရောက်ခဲ့ရတာကို ပြန်ပြောင်းအောက်မေ့ရင်း ရင်ထဲရောက်လာတဲ့ သီချင်းလေး ပါ။

အဲသည်တုန်းက အဖြူရောင်တီရှပ်တွေ ၀တ်ပြီး စင်ကာပူနိုင်ငံ အော့ချာ့ဒ် လမ်းကနေ မြန်မာတွေ စုရပ် ပင်နီဆူးလား ပလာဇာအထိ မမောမပန်း လျှောက်လှမ်းခဲ့ကြတယ် လေ။ ကိုမင်းကိုနိုင်တို့ စလိုက်တဲ့ လမ်းလျှောက်ပွဲကို အားပေးထောက်ခံချင်လွန်းလို့ တက်ကြွသူ မြန်မာတစုဟာ လူငါးယောက်ထက် စုဝေးမှုကို ခွင့်မပြုတဲ့ စင်ကာပူနိုင်ငံမှာ လမ်းထွက် လျှောက်ခဲ့ကြသပေါ့။ ကျနော်တို့လင်မယားရဲ့ နံဘေးမှာ ယှဉ်တွဲပြီး လျှောက်နေတာကလည်း ကျနော့်မိတ်ဆွေ နဲ့ သူ့ရဲ့ မဒမ်။

အဲ….တူစုံမောင်မယ် ကိုယ်စီ ကြည်နူးမြူးရွှင်စွာ စတင်လျှောက်လှမ်းလို့ ခြေလှမ်းတရာ မပြည့်ခင်မှာဘဲ အရပ်ဝတ်ရဲတွေက ရှေ့ကတားပြီး ကျနော်နဲ့ မိတ်ဆွေကို စစ်ဆေးမေးမြန်း တော့တာဘဲဗျို့။ ပြီးတော့ ဆက်မလျှောက်ဘို့လည်း အကြံပေးသဗျ။ စစ်ဆေးမေးမြန်းတဲ့ ပန်ချာပီဘိုးတော်က အကြံပေးတာသက်သက်ပါ ဆိုပေမယ့် လေသံကတော့ အကြံပေးတဲ့ လေသံ တစက်ကလေးမှ မပေါက်ပါဘူး။ မယုံရင် နောက်လမ်းတနေရာမှာ ကျနော်တို့နည်းတူ ဖမ်းအစစ်ခံရတဲ့ ဘလော့ဂါ ကဒေါင်းညင်သာကိုသာ မေးကြည့်ပါတော့..အိမ်နီးချင်းတို့၊ ရပ်ကွက်လူကြီးတို့၊ မြို့မိမြို့ဖတို့ရေ။

အေးလေ…အလကားနေရင်း မတောင်းဘဲပေးတဲ့ အကြံဆိုတော့လည်း “မတောင်းဘဲ ပေးတဲ့ တို့ရဲ့လက်ဆောင်…..မင်းလေး တန်ဘိုးထားချင်မှ ထားမယ်” ဆိုတဲ့ သီချင်းလေးအတိုင်း ကျနော်တို့တတွေဟာ သူ့အကြံပေးချက်ကို အော့ချာ့ဒ် လမ်းမပေါ်မှာတင် ချထားခဲ့ပြီး ပင်နီ ဆူးလားပလာဇာ ရောက်သည်အထိ ဆက်လျှောက်ဖြစ်ခဲ့ကြပါတယ်။

အကျိုးဆက်အနေနဲ့ နောက်ဆုံး ဇာတ်ပေါင်းတော့ စောစောက ပြောခဲ့တဲ့အတိုင်း စင်ကာပူက တန်လင်းရဲဌာနချုပ်ကို တခေါက်၊ တန်လင်း ရဲစခန်းဟောင်းလို့ ခေါ်တဲ့ စစ်ကြောရေးစခန်းကို တခေါက် အလည်အပတ် ကြွရောက်လိုက်ရပါတယ်။

ရဲဌာနချုပ်မှာ စစ်ချက်ယူရုံမျှသာ ဖြစ်ပြီး၊ အကာလ ညအခါကြီးမှာ ခေါ်ယူမေးမြန်းတဲ့ တန်လင်း ရဲစခန်း ဟောင်းမှာတော့ ခံဝန်ချက်ပါ ရေးထိုးခဲ့ရပါသဗျ။

အဲသည်တန်လင်းရဲစခန်းဟောင်းမှာ လက်ချာရိုက်ဘို့တာဝန်ကျတဲ့ ကိုရွှေရဲများက ….“မင်းတို့က စိတ်စေတနာကောင်းနဲ့ အေးချမ်းစွာ လမ်းလျှောက်တာမှန်ပေမယ့် မင်းတို့ထဲက တယောက်ယောက်က ထပြီး ဆူပူတယ်။ အဖျက်လုပ်ငန်းလုပ်တယ် ဆိုရင် မင်းတို့ ဘယ်လို လုပ်မလဲ။ အဲဒီအခါကျရင် မင်းတို့ကို တို့က အရေးမယူချင်ပေမယ့်လည်း ယူရပေတော့မယ်။ အဲဒီအတွက် ပြင်ပမှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲတွေကို ငါတို့ ခွင့်မပြုတာ”… ဆိုတဲ့ သဘောမျိုး ပြောသေးတယ်ခင်ဗျ။

အမယ်မင်း…ကျေးဇူးကြီးပါပေ့၊ မောင်မင်းကြီးသားတို့ရယ်။ လူလေး ၄၀ လောက် လမ်းလျှောက်တာကို ရေးကြီးခွင်ကျယ် စကားလုပ်ပြောနေရသေးသကိုး။ အဲသည်လိုသာ ကိုယ်တော်ချောတို့ ပူပန်ရိုးမှန်ခဲ့ရင် စင်ကာပူမှာ လူတွေ သိန်းနဲ့ချီတက်ရောက်တဲ့ စင်ကာပူ အမျိုးသားနေ့လိုပွဲမျိုးကို ကျင်းပနိုင်စရာ အကြောင်းမရှိတော့ဘူးပေါ့။ ဟုတ်တယ်ဟုတ်။

ဒီနေ့လည်း တိုပါးရိုး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းမှာ နိုင်ငံရေးနှင့် ပတ်သက်သော လှုပ်ရှားမှုတွေကို ခွင့်မပြုတော့ဘူးဆိုတာ ကြားလိုက်ရပါသဗျ။ အဲ…လုပ်ချင်ရင်တော့ ရဲစခန်း ထောက်ခံစာ ယူခဲ့ရမယ်ဆိုဘဲ။ အင်း….စင်ကာပူမှာ ရဲစခန်းထောက်ခံစာယူဘို့ထက် ကျားဟိုဒင်းသာ ပြေးနှိုက်လိုက်ချင်ပါတော့တယ်…ဘုရားဒကာတို့ရေ။

အဲဒီသီတင်းကြားတော့ ကျနော့်ရင်ထဲမှာ သိချင်တာလေး တခုနဲ့ အတူ ပူပန်မှုလေးတခု လည်း ပေါ်လာတယ်ဗျ။

ကျနော်သိချင်တာက……နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျော့ဂ်ျယိုးတယောက် တိုပါးရိုး ဘုန်းကြီးကျောင်းကို ဟိုတလောက သွားတာ ဘာသာရေးသက်သက်လို့ဘဲ ဆိုရလေမလား။ ဒါမှမဟုတ် နိုင်ငံရေးလှုပ်ရှားမှုလို့ဘဲ သတ်မှတ်ရလေမလား။

အင်း….သူက ဗုဒ္ဓဘာသာဝင်မဟုတ်တော့ ဘုရားဝတ်ပြုဘို့ သွားတာတော့ မဖြစ်နိုင်ဘူးလေ။ နောက်ပြီး သူက သာသနာရေးဝန်ကြီး…အဲလေ….ပြည်ထဲရေးဝန်ကြီးလည်းမဟုတ်တော့ သာသနာ ရေးဆိုင်ရာ ကိစ္စရပ်များကို လျှောက်ထားမေးမြန်းရန်လည်း မဖြစ်နိုင်ပြန်ဘူး။ ဒါမျိုးက ကျနော်တို့တိုင်းပြည်က ဗိုလ်မှုးချုပ် သူရမြင့်မောင်တို့မှ ကျွမ်းကျင်လိမ္မာတဲ့ အလုပ်မျိုးကလား။

ဘာဘဲဖြစ်ဖြစ်…..အဲဒီတလောက သတင်းစာမျက်နှာဖုံးသတင်းတွေမှာတော့ မစ္စတာ ဂျော့ဂ်ျယိုးကို တိုပါးရိုးဘုန်းကြီးကျောင်းက မြန်မာဘုန်းတော်ကြီးများ ၀ဲယာ ခြံရံကာ ပြုံးပြုံးကြီး တွေ့လိုက်မိပါတယ်။ နောက်နားမှာရှိတဲ့ လှေကားအတက်ဘေးက ခြင်္သေ့ကြီးနှစ်ကောင်ကပါ ပြုံးနေသလား အောက်မေ့ ရတယ်။

ကဲကဲ…ကျနော်ပူပန်တာလေး ပြောပြတော့မယ်။ “အိုးကမပူ စလောင်းက ပူရန်ကော” လို့ မိတ်ဆွေတို့ အပြစ်တော်တင်ရင်လည်း ခံရမှာပါ။

ဒီလိုပါ….မစ္စတာ ဂျော့ဂ်ျယိုးအနေနဲ့ နောက်တကြိမ် ဘုန်းကြီးကျောင်းကို သွားခဲ့ရင်ဖြင့် ရဲစခန်းထောက်ခံစာယူသွားဘို့ သတိမေ့လျော့သွားမှာကို စေတနာသန့်သန့်နဲ့ ပူပန်မိကြောင်း တင်ပြလိုက်ရပါသဗျိုး။

ကိုပေါ။
(နိုဝင်ဘာလ ၇ ရက်။ ၂၀၀၇။)
Read more

မရှက်ဆေးရည်

ကျနော့်အမေ မကြာခဏ ပြောတတ်တဲ့စကားတခွန်းကို အခုတလော သတိရနေမိတယ်။
တခြားတော့မဟုတ်ပါဘူး။“မရှက်ဆေးရည်”ဆိုတဲ့စကားပေါ့။ ကျနော်တို့ မောင်နှမတတွေ အချင်းချင်းကိုယ်ရည် သွေးနေကြတာတွေကို တစွန်းတစ အမေကြားတဲ့အခါမျိုးမှာ "..ဟဲ့။ မရှက်ဆေးရည်တွေ...."လို့ လှမ်းဟန့်တတ်ပါတယ်။ အဲ... မိတ်ဆွေတို့ နားရှုပ်သွားမလားမသိဘူး။ ကျနော့်အမေက အဲသည်လိုဘဲ၊ စကား ပြောရင် ၀ါကျကို ဆုံးအောင် ပြောတာမဟုတ်ဘူး။ ကျနော်တို့တတွေကတော့ အထာပေါက်နေပြီးသား ဆိုတော့ သူဘာပြောချင်မှန်းချက်ချင်းသိတယ်။ သူဆိုလိုချင်တာက “...နင်တို့ တတွေ၊ မရှက်ဆေးရည်တွေ သောက်ပြီး မရှက်တတ်တော့ဘဲ ကိုယ့်ကိုယ်ကို အမွှမ်းတင်နေကြတယ်”လို့ ပြောချင် တာပါ။ အရှက်ကို မရှိဘူးလို့ ဆိုလိုချင်တာပေါ့ဗျာ။ အလားတူဘဲ...ရွာထဲမှာ တစုံတယောက် ကိုယ့်သိက္ခာကိုယ် မငဲ့ကွက်ဘဲ မဟုတ်မဟတ်လုပ်နေပြီဆိုရင် အမေ့ဆီက “.....သူတို့မို့ မရှက်ဆေးရည်....” ဆိုတဲ့ အဆုံးအစ မရှိတဲ့ စကားမျိုး ကြားရလေ့ရှိပါတယ်။ အဲ...ကိုယ့်မျက်ချေး ကိုယ်မမြင်တဲ့ လူမျိုးဆိုရင်လည်း “သူမို့....မရှက်ဆေးရည်” ဆိုပြီး ဘယ်သူနားလည်လည် မလည်လည် သူ့ဘာသာ အတိုကောက် ပြောတတ်သေးသဗျ။

ဒီကနေ့ ဖတ်လိုက်ရတဲ့ သတင်းလေးတပုဒ်မှာ ပါကစ္စတန်မှာ အရေးပေါ်အခြေအနေ ပြဋ္ဌာန်းလိုက်တာနဲ့ ပတ်သက်လို့ မှတ်ချက်တောင်းတဲ့အခါ “သွားနေတဲ့ ဒီမိုကရေစီ ရေး တိုးတက်မှုဖြစ်စဉ်မှာ နောက်ပြန်ဆွဲတဲ့ ခြေတလှမ်းပါ (A step back from democratic process)” လို့ ပုဂ္ဂိုလ်ကြီးတဦးက ဝေဖန်လိုက်တာ တွေ့ရပါတယ်။

အင်း...သူပြောတာမှာ ဘာတခုမှ အမှားမပါဘူး။ ဘုရားစူး၊ မိုးကြိုးပစ်.. အမှန်တရားမှ ရေမရောတဲ့ အမှန်တရား စစ်စစ်ပါ။ ကျနော်မျိုးကြီး ငြင်းချက်ထုတ်မလို့ရေးနေတာ မဟုတ်ရေးချ မဟုတ်ရပါဘူးကွယ်ရို့။

(ကာတွန်းမောင်လွင်ရဲ့ ဇာတ်ကောင် ငတက်ဖျား လေသံနဲ့ပြောရရင်တော့) သို့သော်လည်း...အဲ...တဲ့ပေါ့လေ။ ပြဿနာတခုရှိလာတာက ပြောတဲ့သူ ဘယ်ဒူလဲလို့ ပြန်ကြည့်ရင် စင်ကာပူအစိုးရအဖွဲ့က နိုင်ငံခြားရေးဝန်ကြီး ဂျော့ဂ်ျယိုး ဖြစ်နေလို့ပါ...အရပ်ကတို့။
အမေ့ကို စင်ကာပူမှာ အတူခေါ်မထားနိုင်တာကို ပထမဦးဆုံးအကြိမ်အဖြစ် စိတ်သက်သာရာ ရမိပါတယ်။ အမေတို့များရှိရင်.......ဂျော့ဂ်ျယိုးနှယ်။ သူမို့ မရှက်ဆေးရည်....လို့ ပြောနေဦးမလား မသိ။ (ကိုကိုဂျော့..တို့။ ဦးဦးလီ..တို့။ ဘဘလီ...တို့ ။..... ဘွာတေးနော်။)

အသေးစိတ် စိတ်ဝင်စားသူများအတွက် အောက်က လင့်ခ်ကို ညွှန်လိုက်ပါရစေ။
ကိုပေါ။ (နိုဝင်ဘာလ ၆ ရက်။ ၂၀၀၇။)
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs