မူလလက်ဟောင်း

အင်း.....ဒီနေ့တော့ ကိုယ့်ဘလော့ဂ်ကလေးမှာ ကြည့်မကောင်း ရှုမကောင်းဖြစ်နေတာလေးတွေကို ပြုပြင်ဘို့ကြိုးစားရင်း ဖင်ချွန်းသွားလို့ နဂိုရေ အနေအထားကို ပြန်ရောက်အောင် မနည်းဘဲ အားထုတ်လိုက်ရတယ်။ ၀ှီး...ဘလော့ဂ်ကလေးတခု လုပ်ရတာ တယ်လဲ ပင်ပန်းပါကလား ဟရို့။ အို....ဘာဘဲ ဖြစ်ဖြစ်....အားမလျှော့ဘူးကွ။

တချိန်တည်းမှာဘဲ ကိုယ်သွားလည်နေကျ ဘလော့ဂ်တွေမှာ ထုံးစံအတိုင်း သွားဖတ်ဖြစ်တယ်။ (အမှန်ကတော့ သူများဆီက Source Code ကို နည်းနည်းသွားချောင်းတာလို့ပြောရင် ပိုမှန်မယ်။) ညီလင်းဆက် ဘလော့ဂ်မှာ ပို့စ်တွေ အသစ်တင်ထားတာ တွေ့ရတယ်။ မန္တလေးသွားမြို့လား(၁) က ထုံးစံအတိုင်း ဖတ်လို့ကောင်းနေ တာကို တွေ့ရပြန်တယ်။ ကိုယ်က အညာသားဆိုတော့ အညာအကြောင်းများပြောရင် အညာရနံ့ကလေးကိုပါ တကယ်ပြေးသတိရတော့တာကိုး။ အဲ...ဒီနေ့မှာ ပို့စ် ၁၀၀၀ ပြည့်တယ်ဆိုဘဲ။ ကွန်ကရက် ကျူလေးရှင်းပါဗျိုး။

သူများကို ကွန်ကရက်ကျူးလေးရှင်း လုပ်ရင်း ကိုယ့်ဘလော့ဂ်ကို ကိုယ့်ဘာသာ ပြန်စောင်းငဲ့ ကြည့်မိပြန် တော့....ချစ်အားငယ်ရသူမယ်.......ချစ်အားငယ်ရသူမယ်......လို့ ဒေါ်မာမာအေးရဲ့ အသံမျိုးလေးနဲ့ ရင်ထဲအသဲထဲကနေ မချိတင်ကဲ ဟစ်ကြွေးချင်မိပါတော့တယ်။ တဆက်တည်းမှာဘဲ တရံရောအခါက သူငယ်ချင်းတယောက် ပြောပြခဲ့ဘူးတဲ့ ကာတွန်းလေးကို ပြေးသတိရမိရဲ့။ ဒီလိုပါ။ တချို့သော လုပ်ငန်းကိုင်ငန်းတွေဟာ နှစ်ကာလရှည်ကြာ လာလေလေ အဲဒီလုပ်ငန်းရဲ့ ဂုဏ်သိက္ခာနဲ့ အရှိန်သြဇာကလည်း ကြီးမားလာလေလေပါတဲ့။ အဲဒီတော့ မိမိ ကုန်ပစ္စည်း တံဆိပ်မှာ မူလလက်ဟောင်းဆိုတာတို့၊ ဘယ်နှခုနှစ်က စတင်ထူထောင်ခဲ့သည် ဆိုတာမျိုးတို့ကို ထည့်လေ့ရှိကြပါသတဲ့ဗျာ။ Since 1950 ဆိုတာမျိုးပေါ့။ အဲ....အဲဒီကာတွန်းမှာတော့ ဆိုင်ကလေး တဆိုင်ကို ဆွဲပြထားတယ်။ သူ့ဆိုင်ရှေ့မှာလည်း ဆိုင်နာမည်ဆိုင်းဘုတ်နဲ့ ဘာနဲ့ ကျကျနန ပေါ့ဗျာ။ ဒါပေမယ့်...ဆိုင်နာမည်အောက်က တည်ထောင်တဲ့ ခုနှစ်သက္ကရာဇ် နေရာမှာကျတော့ ...Since yesterday....လို့ ရေးထားပါသတဲ့ဗျား။

အေးလေ....အခုတော့ ကိုယ့်ဘလော့ဂ်ကလည်း အဲဒီကာတွန်းလို ဖြစ်နေတော့တာပါဘဲ။ အို...ဘာဘဲ ဖြစ်ဖြစ်...အားမလျှော့ဘူးကွ။ (ဒုတိယ အကြိမ်မြောက်...အားတင်းခြင်း)။ ဟို ကလင်မင်းတီး ဘူတာအဆင်းမှာ ချိတ်ထားတဲ့ တရုတ်စကားပုံလိုပေါ့။ ဘာတဲ့ မိုင်ထောင်ချီတဲ့ ခရီးဟာ ပထမဦးဆုံးခြေတလှမ်းနဲ့ အရင် စရတယ်....ဆိုလား၊ ဘာလား။

အင်း......အခုတော့ အိပ်တော့မယ်။ ဂွဒ်နိုက်....
ကိုပေါ
အောက်တိုဘာ ၃၀။ ၂၀၀၇ ခုနှစ်။
Read more

ယဉ်ကျေးသူနှင့် ရိုင်းပျသူ (၁)


မိတ်ဆွေတို့၊ ဟောလီးဝုဒ်က နာမည်ကျော် ဟာသရုပ်ရှင်သရုပ်ဆောင် ဂျင်ကာရေး (Jim Carrey) ကို သိကြမှာပေါ့။ ပြီးခဲ့တဲ့လပိုင်းတွေမှာ သူဟာ မြန်မာ့အရေးအတွက် Youtube Video ကတဆင့် လှုံ့ဆော်တဲ့ နေရာမှာ တက်တက်ကြွကြွပါဝင်ခဲ့တာကိုလည်း သတိထား မိကြမှာပါ။

မျက်နှာဖုံး (The Mask) ဆိုတဲ့ နာမည်ကျော် ရုပ်ရှင်ကားအပြင် အစောပိုင်းကာလများမှာ သူပါဝင်တဲ့ အေ့စ်ဗင်တူးရား (Ace Ventura) ဆိုတဲ့ ဟာသကား အတွဲနှစ်တွဲကလည်း နာမည်ကြီးပါတယ်။ ထားပါတော့။ ကျနော်ပြောချင်တာက သူ့အကြောင်းမဟုတ်ပါဘူး။ သူပါဝင်ခဲ့တဲ့ ရုပ်ရှင်တွေ ထဲက ဇာတ်ဝင်ကွက် ကလေးတခုကို ပြောပြချင်လို့ပါ။

အဲဒီ အေ့စ်ဗင်တူးရား ဇာတ်ကားမှာ သူဟာ အိမ်မွေးတိရိစ္ဆာန်ပျောက်ဆုံးမှုကို ထောက်လှမ်းရတဲ့ စုံထောက် (Pet detective) အေ့စ်ဗင်တူးရား အဖြစ် ပါဝင် သရုပ်ဆောင်ရတယ်။ ဇာတ်လမ်းအရ သူဟာ ပျောက်သွားတဲ့ တိရိစ္ဆာန်တကောင်နောက်ကို လိုက်လံစုံစမ်းရင်း လူရိုင်းမျိုးနွယ်စုတခုဆီကို ရောက်သွားလေတယ်။ အဲဒီလူရိုင်းမျိုးနွယ်စု ခေါင်းဆောင်က တွေ့တွေ့ခြင်း နှုတ်ဆက်လိုက်ပုံကတော့ အေ့စ်ရဲ့ မျက်နှာကို အားပါးတရ တံတွေးနဲ့ ထွေးထည့်လိုက်ခြင်းပါဘဲ။ အေ့စ်ရဲ့ စကားပြန်က ၀င်ရှင်းပြတယ်။ သူတို့ မျိုးနွယ်စုဓလေ့မှာ လူတဦးကို နှစ်ခြိုက်တယ်ဆိုရင်၊ ဖော်ရွေမှုကို ပြတယ်ဆိုရင် အဲသည်လိုဘဲ မျက်နှာကို အားပါးတရ တံတွေးနဲ့ ထွေးကြရတယ်ဆိုဘဲ။ အဲသည်မှာတင်ဘဲ အေ့စ်ဟာ...သြော်...ဂလိုလား။ စိန်လိုက်လေ....ဆိုတဲ့ မျက်နှာပေးနဲ့ သူ့ရဲ့ခံတွင်းထဲကရော၊ လည်ချောင်းထဲကရော ရှိရှိသမျှ တံတွေးတွေကို အသံစုံမြည်အောင် ခပ်ထုတ်စုပြီး လူရိုင်းခေါင်းဆောင်ရဲ့ မျက်နှာကို အားပါးတရ ပြန်ထွေးလိုက်ပါတော့တယ်။ ဂျင်ကာရေးရဲ့ စပရင် မျက်နှာနဲ့ဆိုရင် အင်မတန်လိုက်ဖက်တဲ့ ဇာတ်ကွက်ပါ။

အဲသည်ဇာတ်ကွက်ကို ကြည့်ပြီးတော့ ခေါင်းထဲကို အတွေးစ တစ ရောက်လာတယ်။ လူတွေရဲ့ ဓလေ့ထုံးစံတွေ (Customs)၊ ရိုးရာတွေ (traditions)၊ ယဉ်ကျေးမှု (culture) တွေက ကမ္ဘာပေါ်မှာ တနေရာနဲ့ တနေရာ မတူကြဘူး။ သည်တော့ စောစောက ဇာတ်ဝင်ခန်းထဲက လူရိုင်းတွေရဲ့ ဓလေ့ကို ကျနော်တို့ မြန်မာဓလေ့စံနှုန်းနဲ့ သွားတိုင်းတာပြီး ...ဟယ် ရိုင်းလိုက်တာ... လို့ ပြောရင် သင့်မယ် မထင်ဘူး။ အလားတူဘဲ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံအရ လူကြီးတွေရှေ့က ဖြတ်လျှောက်ရင် ကိုယ်ကို ကိုင်းညွတ်သွားရမယ်လို့ဆိုတယ်။ အဲဒီအမူအရာဟာ မြန်မာမျက်စိနဲ့ကြည့်ရင် ယဉ်ကျေးတယ် လို့သတ်မှတ်ပေမယ့် တခြားလူမျိုးရဲ့ အမြင်နဲ့ကြည့်ရင် တော်တော် ထော်လော်ကန့်လန့်နိုင်တဲ့ အူကြောင်ကြောင် အပြုအမူလို့ ထင်ကောင်းထင်နိုင်တယ်။ အလားတူဘဲ သူများယဉ်ကျေးမှုက ယဉ်ကျေးတဲ့ အမူအရာဟာ မြန်မာမျက်စိမှာ ရိုင်းပျတဲ့ အမူအရာမျိုး ဖြစ်ကောင်းဖြစ် နေနိုင်တာပါဘဲ။

ခက်တာက ကျနော်တို့မြန်မာစကားမှာက ယဉ်ကျေးမှု (Culture) နဲ့ ယဉ်ကျေးခြင်း (Politeness) မှာ စကားလုံးသုံးစွဲတာက အတူတူဖြစ်နေတော့ နားထွေးချင်စရာ ဖြစ်နေတယ်။ အလားတူပါဘဲ ရိုးသားခြင်း (Sincerity) နှင့် ရိုးအခြင်း၊ နှုံအခြင်း (Simplicity, ignorance) တို့မှာလည်း ...ရိုးတယ်....ဆိုတဲ့ စကားလုံးကိုဘဲ ဘုံသုံးစွဲတော့ နောက်ပိုင်းမှာ လွဲမှားတဲ့ အဓိပ္ပါယ် ကောက်မှုတွေကို တွေ့လာရပါတယ်။ အဲသည်အကျိုးဆက်အဖြစ် မြန်မာ့လူ့အဖွဲ့အစည်းမှာ လွဲမှားတဲ့ အယူအဆတွေနဲ့ ဆိုးကျိုးတွေ ပေါ်ပေါက်လာတယ်။ ဒီအကြောင်းတွေဟာ ပြောမယ်ဆိုရင် နက်ရှိုင်းကျယ်ဝန်းလွန်းလို့ ပို့စ်တွေကို နံပါတ်စဉ်ထိုးပြီး အလျဉ်းသင့်သလို ဆက်လက်ရေးသားသွားမယ် ရည်ရွယ်ပါတယ်။

အခုတော့ ယဉ်ကျေးခြင်း (politeness) အကြောင်းနဲ့ဘဲ စတင်ချင်ပါတယ်။

ဗုဒ္ဓဘာသာမှာတော့ ကံတခုကို မြောက်ဖို့ဆိုတာ ကာယကံ၊ ၀စီကံ၊ မနောကံ ကံသုံးပါးအနက် တပါးပါးနဲ့ဖြစ်စေ၊ တပါးထက်ပို၍ ဖြစ်စေ ပြုလိုက်ရင် ကံတခု အထမြောက်သွားတယ် ဆိုပါတယ်။ ကိုယ်နှုတ်နှလုံး ဆိုကြပါစို့ရဲ့။

ယဉ်ကျေးခြင်းမှာ ကျနော်တို့ငယ်ငယ်ကတည်းက အရိုးစွဲအောင် သင်ခဲ့ရတာတွေက နှုတ်အားဖြင့် ယဉ်ကျေးဘို့၊ ကိုယ်အားဖြင့် ယဉ်ကျေးဘို့တွေ များပါတယ်။ ဥပမာ နှုတ်ယဉ်ကျေးဘို့အတွက်ဆိုရင် ကိုယ့်ထက်အသက်ကြီးသူတွေကို ....ကျွန်တော်၊ ကျွန်မ၊ ဟုတ်ကဲ့၊ ခင်ဗျာ၊ ရှင်...စတဲ့ အသုံးအနှုန်းတွေနဲ့ ပြောတာမျိုး။ ကိုယ်ယဉ်ကျေး (အမူအရာအားဖြင့်)ဘို့ဆိုရင် စောစောက ပြောသလို...လူကြီးရှေ့မှာ ခါးကိုင်းပြီး သွားတာမျိုး၊ လက်နှစ်ဖက်နဲ့ ပေးတာ၊ ယူတာမျိုးတွေ....အစရှိသဖြင့်ပေါ့။

ဒါတွေဟာ...ကောင်းသလား၊ မကောင်းဘူးလား။

အဲသည်အပြုအမူမျိုးတွေကို တန်ဘိုးထားတတ်တဲ့ ပတ်ဝန်းကျင်မှာ လုပ်ရင်တော့ ကောင်းတယ်ဘဲ ပြောရမှာပေါ့။ ဒါပေမယ့် သူများယဉ်ကျေးမှုပတ်ဝန်းကျင်ရောက်လာရင် ဒါတွေက အံဝင်ဂွင်ကျ မရှိတော့ဘဲ အလကားဖြစ်သွားတော့တာပါဘဲ။ ဒီလိုပြောလိုက်လို့ တခြားဘာသာစကားတွေ၊ ယဉ်ကျေးမှုတွေမှာ အဲသည်လို ယဉ်ကျေးတဲ့ အသုံးအနှုန်းတွေ၊ အမူအရာတွေ မရှိဘူးလို့ဆိုလိုတာမဟုတ်ပါဘူး။ ပြောချင်တာက (Culture) နဲ့ ပတ်သက်တဲ့ ယဉ်ကျေးမှုစံနှုန်းဆိုတာ တသတ်မတ်တည်း မရှိနိုင်ဘူး။

ကျနော့်အမြင်အရပြောရရင် အဲဒီ ယဉ်ကျေးတဲ့ အပြောအဆို၊ အမူအရာတွေဟာ လူ့ပတ်ဝန်းကျင်မှာ သုံးစွဲရင် ရိုးသားမှု (Sincerity) နဲ့ ပူးတွဲ သုံးစွဲကြပါမှ ကောင်းသော အကျိုးရှိမယ်။ ရိုးသားမှု မပါရင် အဲဒါတွေဟာ အပေါ် ယံသက်သက်သာဖြစ်ပြီး လူကောင်းလူဆိုး ခွဲခြားရ ခက်လာတဲ့ ဆိုးကျိုးဆက် တွေရှိတယ်။ ကျနော့်အနေနဲ့ဆိုရင် လူတယောက် ယဉ်ကျေးတယ် မယဉ်ကျေးဘူးဆိုတာကို နှုတ်ယဉ်ကျေးမှု၊ ကိုယ်ဟန်အမူအရာ ယဉ်ကျေးမှု စတာတွေနဲ့ ဆုံးဖြတ်မယ့်အစား အဲသည်လူရဲ့ လုပ်ရပ်နဲ့ဘဲ ချင့်ချိန်ဆုံးဖြတ်မယ်။

သည်တော့ ရှေ့ဆက်မပြောခင် လုပ်ရပ်တခုရဲ့ ယဉ်ကျေးတယ် မယဉ်ကျေးဘူးကို ဘယ်လို ဆုံးဖြတ်မလဲ ဆိုတာကို ဆွေးနွေးချင်ပါသေးတယ်။ ကျနော့်အလိုအရဆိုရင်တော့ ရိုးသားခြင်း၊ မှန်ကန်ခြင်း၊ တရားမျှတခြင်း၊ ဘက်မလိုက်ခြင်း၊ ရဲရင့်ခြင်း၊ မေတ္တာတရားရှေ့ထားခြင်း၊ ကိုယ်ချင်းစာစိတ်ထားခြင်း စတဲ့ ဂုဏ်အင်္ဂါအရည်အသွေးတွေ ပါဝင်တဲ့ လုပ်ရပ်မျိုးဆိုရင် ယဉ်ကျေးတယ်လို့ဆိုချင်ပါတယ်။ အဲဒါတွေ ကင်းမဲ့နေမယ်ဆိုရင်တော့ မယဉ်ကျေးဘူး၊ ရိုင်းပျတဲ့ လုပ်ရပ်လို့ သတ်မှတ်ပါမယ်။

ဒါတွေကို ဘာကြောင့်ပြောနေရသလဲဆိုရင် ဒီနေ့ မြန်မာ့ လူ့ပတ်ဝန်းကျင်မှာ အဲဒီ အပေါ်ယံ ယဉ်ကျေးမှုက အရမ်းဖုံးလွှမ်းနေတာကို တွေ့ရလို့ဖြစ်တယ်။

ဥပမာဆိုရရင် ဈေးရောင်းတော့မယ့် ဈေးသည်လက်သစ်တယောက်ကို ၀ိုင်းဝန်းအကြံပေး ကြတာတွေ ရှိတယ်။ ....နှုတ်ချိုပြီးတော့ လက်တိုရမယ်.....တဲ့။ ဆိုလိုတာက နှုတ်က ရွှန်းရွှန်းဝေအောင် အချိုသကာတွေ လိမ်းကြံပြောဆိုပြီး ရောင်းကုန်ကိုတော့ ပိုပိုသာသာမပေးဘဲ ပေးသင့်ပေးထိုက်တာထက် လျှော့ပေး လိုက်တာမျိုးကိုပေါ့။ အဲသည် အဖြစ်အပျက်မှာကြည့်ရင် အပြောအားဖြင့် ယဉ်ကျေးပြီးတော့ တကယ့်လုပ်ရပ်မှာတော့ မယဉ်ကျေးတာကို တွေ့ရမယ်။

အလားတူပါဘဲ။ နှိမ့်ချခြင်းနဲ့ ပတ်သက်လို့လည်း တသဘောတည်းဘဲ။ လူတယောက်ဟာ တကယ် နှိမ့်ချ (နိဝါတောစ) တာလား၊ သက်သက် အပြင်ပန်း ဟန်ဆောင်ပန်ဆောင် နှိမ့်ချတာလား ဆိုတာလည်း သူ့ရဲ့ အပြင် ပန်း အပေါ်ယံ ရွှေမှုန်ကြဲနဲ့ မဆုံးဖြတ်ဘဲ တကယ်လုပ်ရပ်ရဲ့ နှိမ့်ချမှု၊ ယဉ်ကျေးမှု စတာတွေနဲ့ဘဲ ဆုံးဖြတ်သင့်ပါတယ်။

အများမြင်သာတဲ့ သိသာထင်ရှားတဲ့ ဥပမာတခုပေးရရင် ဗိုလ်မှူးချုပ် သူရမြင့်မောင် တို့၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ဟာ သံဃာတော်ကြီးများရှေ့မှာ မခုတ်တတ်တဲ့ ကြောင်ကလေး များသဖွယ် ပုံပုံယုံ့ယုံ့ကလေး ထိုင်ကြကာ ....အရှင်ဘုရားတို့ဘုရား။ တပည့်တော်တို့ ဟာ....အစချီကာ ယဉ်ကျေးဘွယ်ရာ အသုံးအနှုန်းများနဲ့ လျှောက်ထားနေတာကို တွေ့လိုက်ရလို့ သူတို့ကို ယဉ်ကျေးသူများ နှိမ့်ချသူများ လို့ သတ်မှတ်လို့ မရပါဘူး။ တကယ်တမ်းမှာ သူတို့ သံဃာတော်တွေ အပေါ်မှာ ဘယ်လိုသဘောထားသလဲဆိုတာ ပြီးခဲ့တဲ့ အရေးအခင်းမှာ သံဃာတော်တွေအပေါ်မှာ သူတို့ ကိုင်တွယ်ပုံအပေါ်ကြည့်ပြီး ဆုံးဖြတ်မှ သူတို့ဟာ အမှန်တကယ် ယဉ်ကျေးသူတွေလား၊ အမှန်တကယ် နှိမ့်ချသူတွေလား ဆိုလာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။

အထက်ပါဥပမာလောက် သိသာထင်ရှားခြင်းမရှိပေမယ့် အလားတူ အပေါ်ယံ ရွှေမှုန်ကြဲသမားများကို ကျနော်တို့ မြန်မာလူမှုပတ်ဝန်းကျင်မှာ နေ့စဉ်တွေ့မြင်နေရပါတယ်။ နောက်ထပ် ဥပမာတခုကို ပြောပြရမယ်ဆိုရင်.....

အစည်းအဝေးတခုမှာ အစည်းအဝေးကို Chair လုပ်တဲ့ လူတယောက်ဟာ အစည်းအဝေး တက်ရောက်လာတဲ့ လူတယောက်ချင်းဆီက အထင်အမြင်တွေကို ယဉ်ကျေးသိမ်မွေ့သော စကားလုံး ဟန်ပန်များနဲ့ တောင်းခံပါတယ်။ အဲသည်လိုကြားလိုက်ရရင် အဲဒီ Chair လုပ်သူဟာ တကယ်ဘဲ စိတ်သဘောထား ကြီးကျယ် မွန်မြတ်သူလို့ (Open minded person) အထင်ရောက်သွားစရာပါ။ သို့သော် တကယ်လုပ်ရပ်မှာတော့ သူဟာ အများရဲ့ အမြင်ကို ဘေးချိတ်ပြီး သူသန်ရာ သူလုပ်သွားပါတော့တယ်။ ဒီတော့ စောစောက သူတ ယောက်ချင်းစီကို လိုက်မေးတယ်ဆိုတာက အပေါ်ယံ ဟန်ဆောင်မေးတာဘဲ ဆိုတာ ပေါ်လွင် ထင်ရှားသွားပါတော့တယ်။

မြန်မာ့ သမိုင်းမှာ ထင်ရှားတဲ့ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းဆိုရင် စကားပြောတဲ့ နေရာမှာရော၊ အမူအရာမှာပါ သိပ်ချိုသာယဉ်ကျေးလှတဲ့သူတယောက် မဟုတ်ပါဘူး။ တချို့မိန့်ခွန်းတွေမှာ ဆိုရင် စကားလုံးကြမ်းကြမ်းတွေ သုံးတာတောင် တွေ့ရပါတယ်။ ဒါပေ မဲ့လည်း သူ့ရဲ့ စိတ်စေတနာနဲ့ ရိုးဖြောင့်မှုကြောင့် သူ့လုပ်ရပ်တွေဟာ ယဉ်ကျေးတဲ့လုပ်ရပ်တွေအဖြစ် အများပြည်သူက သဘောပေါက် လက်ခံခဲ့ကြပါတယ်။

စကားလုံးတွေ၊ ကိုယ်အမူအရာတွေဟာ ချိုသာနေနိုင်ပါတယ်၊ ယဉ်ကျေးနေနိုင်ပါတယ်၊ သို့သော် ရိုးသားမှုနဲ့ တွဲမနေရင် တကယ့်လုပ်ရပ်မှာတော့ ရိုင်းပျ နေနိုင်ပါတယ်။ ဒီတော့ နောက်တခါ ကျနော်တို့ လူယဉ် ကျေးဆိုသူတွေနဲ့ တွေ့ကြမယ်ဆိုရင် အဲဒီလူယဉ်ကျေးတွေမှာ ရိုးသားမှု ရှိမရှိကို အရင်ဆန်းစစ်ကြစို့လားဗျာ။
ကိုပေါ
(အောက်တိုဘာလ ၂၇ ရက်၊ ၂၀၀၇ ခုနှစ်)
Read more

My first writing in Blog

ဘလော့ဂ် စတင်ရေးသားခြင်း

ငါ ဒီနေ့ ဘလော့ဂ် စရေးတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။

သူများတွေ ဘလော့ဂ်ရေးနေကြတာတော့လည်း ငါ တွေ့နေသားဘဲ။ ငါက ဘာကြောင့် အခုမှ ရေးရသလဲ။ ဟိုတလောက ပိတ်သွားတဲ့ မြန်မာတီးရှော့ပ်ဖိုရမ်မှာ ညောင်ရမ်းဂွတို ဆိုတဲ့ အမည်နဲ့ နေ့နေ့ညည ငါ ၀င် ရောက်ရေးဘူးပါရဲ့။ တီးရှော့ပ်မှာ မြန်မာ့ဒီမိုကရေစီ အရေးအတွက် ကိုယ်နဲ့ စိတ်တူကိုယ်တူ လှုပ်ရှားနေတဲ့ သူတွေ အများကြီး တွေ့ဆုံလိုက်ရပြီး သူတို့ရဲ့ အမြင်တွေ၊ တက်ကြွမှုတွေလည်း တစွန်းတစ မြင်လိုက်ရတယ်။

နောက်ပိုင်းမှာ မြန်မာတီးရှော့ပ်က ဖွင့်ချည်ပိတ်ချည်နဲ့ ငါ စိတ်မရှည်နိုင်တော့လို့ ၀င်မရေးဖြစ်တော့ဘူး။ အဆုံးသတ်မတော့ ပြဿနာတွေ ဗရပွနဲ့ တီးရှော့ပ်ကို လုံးဝ ပိတ်လိုက်ကြတယ်လို့ ကြားးရတယ်။ အဲသည်မှာဘဲ စောစောက တက်ကြွခဲ့တဲ့သူတွေထဲက တချို့ဟာ ကိုယ်ပိုင်ဘလော့ဂ်တွေ အသီးသီး ဖွင့်ပြီး ဆက်လက် စခန်းသွားကြတာကို တွေ့ရတယ်။

ငါကတော့ သည်ဘက်မှာ အိုးဝေ(စင်္ကာပူ) ဆိုတဲ့ ဒီမိုကရေစီအရေး အင်တာနက်စာမျက်နှာ တခုမှာ စာမူတွေ ကို စာစီပေးရင်း၊ သရုပ်ဖော်ပုံထည့်ပေးရင်းနဲ့ အလုပ်တွေ ရှုပ်ပြီး ကိုယ်တိုင်ဘလော့ဂ်လုပ်တဲ့ဘက်ကို မလှည့်ဖြစ်ခဲ့ဘူး။

မြန်မာဘလော့ဂ်တွေကိုတော့ အားတဲ့အခါ လျှောက်ဖတ်ဖြစ်တယ်။ ရှိရှိသမျှ အကုန်လုံးတော့ မဟုတ်ဘူးပေါ့။ မြန်မာဘလော့ဂ်တွေထဲမှာ ငါကြိုက်နှစ်သက်တဲ့ဘလော့ဂ်တချို့ရှိတယ်။ သူတို့ထဲက ဘလော့ဂ်သုံးခု အကြောင်းကို မြန်မာလို စရေးတဲ့ ငါ့ဘလော့ဂ်မှာ နည်းနည်း ရေးပြချင်တယ်။

(၁) ညီလင်းဆက်

အခုတလောမှာ ပို့စ်အသစ်တက်တာတော့ သိပ်မတွေ့ရတော့ဘူး။ ငါ သူ့ဘလော့ဂ်ကို စတွေ့တာကလည်း အလွန်ဆုံးရှိရင် သုံးလေးငါးလပေါ့။ ဒါပေမယ့် သူ့စာတွေကို ဖတ်ရင်း ငါဟာ ဘိန်းစွဲသလိုဘဲ။ ဟိုးရှေ့ပိုင်းနှစ်တွေဆီက သူရေးခဲ့တဲ့ ပို့စ်အဟောင်း ရှေးရှေး နှောင်းနှောင်းတွေပါ မွှေနှောက်ပြီး နှစ်နှစ်ခြိုက်ခြိုက် လိုက်ဖတ်နေမိခဲ့တယ်။

ညီလင်းဆက်နဲ့ ပတ်သက်လို့ ဘာကို ကြိုက်တာလဲလို့ ငါ့ဘာသာ ငါပြန်စဉ်းစား ကြည့်မိတယ်။ ဖြစ်နိုင်ခြေရှိတာတွေကတော့

- သူ့အမြင်ကို ရိုးရိုးရှင်းရှင်း တင်ပြတတ်တယ်။

- သူရေးတဲ့အကြောင်းအရာကို ပိုင်ပိုင်နိုင်နိုင်ရှိပြီး စိတ်ဝင်စားဘွယ်ကောင်းအောင် ရေးတတ် တယ်။

- သူ့ကိုသူ လူစွမ်းကောင်းလို့ စာဖတ်သူအထင်ရောက်အောင် တမင်ကြိုးစားပြီးမရေးဘူး။ သူတခုခု လုပ်နေတယ်ဆိုရင် လုပ်နေတဲ့ကိစ္စနဲ့ သူ့အမြင်ကိုဘဲ တင်ပြတယ်။ သိပ်ပြီး အသားယူနေတာမျိုး မရှိဘူး။ ရိုးသားမှုကို တွေ့ရတယ်။

- သူတပါးရဲ့ အထင်အမြင်ကို သိပ်ဂရုစိုက်နေတဲ့ လူစားမျိုး မဟုတ်ဘူးဆိုတာ တွေ့ရတယ်။ အဲလိုဂရုစိုက်နေရင်လည်း သူရေးတဲ့ တချို့ပို့စ်မျိုးတွေ ထွက်လာစရာ အကြောင်းမရှိ တော့ဘူးလို့ ငါထင်တယ်။

- တချို့အမြင်တွေမှာ ငါနဲ့ ထပ်တူကျပြီး တချို့မှာတော့ ဆန့်ကျင်ဘက်ဘဲ။

- မြန်မာလို ပြေပြေပြစ်ပြစ်၊ မှန်မှန်ကန်ကန်နဲ့ ရှင်းရှင်းလင်းလင်းရေးတတ်တယ်။

သူ့ဘလော့ဂ်ကနေတဆင့် ဖတ်ရသလောက်တော့ ငါနဲ့ ကီးကိုက်ပါတယ်။ ဒါပေမယ့် လူ့အကြောင်းက ပေါင်းကြည့်မှ သိရတာမျိုးဆိုတော့ တကယ့်တကယ် အပြင်မှာ တွေ့ရင်တော့ ပေါင်းသင်းရခက်ခဲတာမျိုး၊ လှည့်မကြည့်ချင်လောက်အောင် ဖြစ်သွားတာ မျိုးလည်း ဖြစ်သွားနိုင်တယ်။ ငါကလည်း လူပေါင်းသိပ်ဆန့်တဲ့လူစားတော့ မဟုတ်ဘူး။ အလာပ သလာပ ပြောရတာကို အင်မတန် စိတ်ညစ်တဲ့ လူစားမျိုး။

(၂) မေဓါဝီ

ငါက အရင်က စာရေးရင် ပြောဟန်နဲ့ ရေးတဲ့လူမျိုးမဟုတ်ဘူး။ အဲ…၀န်ခံရရင် ငါ့အနေနဲ့ ဖြစ်ဖြစ်မြောက်မြောက်လည်း စာမရေးဘူးသေးပါဘူး။ ဒေါက်တာသန်းထွန်းရဲ့ …ငါပြောချင်သမျှ ငါ့အကြောင်း….ဖတ်ပြီးတော့မှ အဲဒီအထဲမှာ သူပြောတဲ့ ပြောဟန်နဲ့ ပတ်သက်တဲ့ သူ့ဝါဒကို သဘောကျပြီး အခုစရေးကြည့်တာဘဲ။ အဲဒီတော့ စကားပြေရေးဟန်နဲ့ တလျှောက်လုံး ရေးခဲ့တဲ့ ငါဟာ မြန်မာစာကို ပြေပြစ်ချောမွေ့လှပစွာ ရေးသားလေ့ရှိတဲ့ မေဓါဝီကို ကြိုက်တာ မဆန်းဘူး။ သူရေးတာဆို ရာသီဘွဲ့ကအစ ငါကြိုက်တယ်။ သူ့အမြင်လေးတွေကို နှစ်သက်သလို တင်ပြပုံကိုလည်း ကြိုက်မိတယ်။ အခု ဘလော့ဂ်မရေးတော့ဘူးဆိုတော့ သူများတွေအဖို့တော့ ဘယ်လိုနေမယ်မသိ။ ငါတော့ တော်တော်နှမြောမိတယ်။

(၃) ဂျင်နရေးရှင်း၉၆

သူ့ဘလော့ဂ်ကို ငါဝင်ဖတ်မိတာ ဘာကြာသေးလို့လဲ။ ဒါပေမယ့် တချို့ပို့စ်တွေ ငါသိပ်ကြိုက်တယ်။ အထူးသဖြင့် စင်ကာပူအစိုးရရဲ့ ပေါ်လစီနဲ့ ပတ်သက်တဲ့အမြင်တွေ၊ အာစီယံအဖွဲ့ရဲ့ ဂဂျိုးဂဂျောင်သဘောထားတွေကို ဝေဖန်တဲ့ ပို့စ်တွေမှာ ပြောင်မြောက်လွန်းလို့ ငါ သိတဲ့လူတွေကို ဖတ်ဘို့ လက်တို့ရတယ်။

စင်ကာပူမှာ ရှိတဲ့ မြန်မာ့ဒီမိုကရေစီ အရေးထောက်ခံသူတချို့ဟာ စင်ကာပူအစိုးရကို ဝေဖန်ဘို့ဆိုရင် အင်မတန် နှာစေးနေတတ်ကြတာများတယ်။ အဲသည်လို လူမျိုးတွေဆို မနုဿီဟတွေ (ဖင်နှစ်ခွနဲ့မို့) (သို့) (Double Standard) ရှိသူတွေလို့ဘဲ ငါက သဘောထားတယ်။ အဲဒီသူတွေဟာ…မြန်မာပြည်အတွက် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ လိုချင်တယ်…အော်ကြတယ်။ အဲဒီ လူ့အခွင့်အရေးအတွက်၊ မြန်မာ့ဒီမိုကရေစီ အရေးအတွက် ကမ္ဘာ့အဖွဲ့အစည်းတခုလုံးကနေ ၀ိုင်းဝန်း ထောက်ခံတာကို လိုချင်ကြတယ်။ အဲဒီလို ထောက်ခံမှုရဘို့အတွက် ကြိုးလည်းကြိုးပမ်းကြပါတယ်။ ဒါပေမယ့်…မိမိကိုယ်တိုင်ကျတော့ သူများတိုင်းပြည်က လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ထောက်ခံမှုမပြု၊ မသိကျိုးကျွန် ပြုချင်ကြတယ်။

အဲသလိုပြောလိုက်လို့ အဲဒီလူတွေကို စင်ကာပူက လမ်းမတွေပေါ်အထိ ထွက်ပြီး ဆန္ဒပြဘို့ကို တိုက်တွန်းနေတာမဟုတ်ဘူး။ အဲလောက်အထိ လုပ်ဘို့ဆိုတာ လူတဦးချင်း အနေနဲ့ မိမိယုံကြည်ချက်အတွက် ဘယ်လောက်ထိ ပေးဆပ်ဘို့ အဆင်သင့် ရှိနေသလဲ ဆိုတဲ့ အပေါ်မှာ မူတည်တယ်ဆိုတာကို ငါနားလည်ပါတယ်။ ငါကိုယ်တိုင်လည်း ဒေါ်အောင်ဆန်း စုကြည်တို့၊ ကိုမင်းကိုနိုင်တို့၊ မစုစုနွေးတို့လောက် စွန့်လွှတ်အနစ်နာမခံနိုင်ဘူး။ ဒါပေမယ့် ငါ့ရပ်တည်ချက်က ခိုင်တယ်။ ငါ့မူကို ငါမဖောက်ဖျက်ဘူး။ ငါထောက်ခံသင့်တဲ့သူတွေကို စိတ်ထဲကလည်း ထောက်ခံတယ်။ နှုတ်အားဖြင့်လည်း ထုတ်ဖော်ပြီး ထောက်ခံတယ်။ အလျှင်းသင့်တိုင်း သူတို့ရဲ့အရေးတွေကို ငါက မြှင့်တင်ပေးဘို့ ကြိုးစားတယ်။ ငွေကြေး အားဖြင့်လည်း တတ်နိုင်သရွေ့ ပံ့ပိုးတာပါဘဲ။ သူတို့ရဲ့အရေးတွေကို ငါတတ်နိုင်သလောက် ပါဝင် ထောက်ကူမှုပြုတယ်။

ဒါပေမယ့် စောစောက ငါပြောတဲ့ မနုဿီဟတွေကကျတော့ မိမိမပါဝင်နိုင်တာကို အသာမနေဘဲ သူများနိုင်ငံက ဥပဒေကို မချိုးဖောက်လိုလို့ မထောက်ခံရသယောင်ယောင်၊ ဒီဘက်က အတိုက်အခံတွေရဲ့ ရပ်တည်ချက်ကိုဘဲ မထောက်ခံနိုင်လို့ မလုပ်ရ သယောင်ယောင် လှည့်ပတ်ပြောပြီး တကယ် လုပ်တဲ့သူတွေကိုတောင် အပြစ်ပြောချင်ကြတယ်။ ဆိုလိုတာက မိမိရပ်တည်ချက်ကို နေရာ၊ ဒေသ၊ ကာလ၊ ဖြစ်ရပ် နဲ့ လိုက်လျောညီထွေ ပြောင်းလဲဖို့ ကြိုးစားကြတာတွေ တွေ့ရတယ်။ အဲဒီလို ရပ်တည်ချက် ဗလောင်းဗလဲ လုပ်သူတွေဟာ အင်မတန် စိတ်ကုန်ဘို့လည်းကောင်းတယ်။ ငါက လူတယောက် မသိ နားမ လည်တာကို အပြစ်မဆိုပါဘူး။ ကြောက်တာကိုလည်း နားလည်ပေးလို့ရတယ်။ ဒါပေမယ့် လူတယောက် မရိုးသားပြီဆိုရင်တော့ မစင်ဘင်ပုပ် ထက်တောင် ရွံရှာသေးတယ်။

ဒါတွေက မြန်မာဘလော့ဂ်တွေမှာ လျှောက်သွားရင်း ငါ့စိတ်ထဲမှာ အမှတ်ထင်ထင် ကျန်ရစ်တဲ့ ဘလော့ဂါ သုံးယောက်အကြောင်းကို ပြောပြရင်းနဲ့ စကားစပ်မိလို့ပြောပြတာပါ။ တကယ်တမ်းမှာတော့ အဲဒီသုံးယောက် လုံးကို ငါအပြင်မှာ မြင်လည်းမမြင်ဘူး၊ အဆက် အသွယ်လည်း မရှိပါဘူး။ သူတို့ဘလော့ဂ်တွေထဲမှာ သူတို့ရေးတဲ့စာကိုဖတ်ပြီး ငါ့ဟာငါ ကြိုက်လို့ စိတ်ထဲမှာ အမှတ်ထင်ထင် ဖြစ်ကျန်ခဲ့တာကို ရေးပြမိတာပါ။

အခု ငါ့ဘလော့ဂ်မှာ ငါ့ခံစားချက်တွေကို ငါခံစားမိသလို၊ ငါ့အမြင်ကို ငါသုံးသပ်မိသလို၊ ငါ့နဲ့ ထပ်တူကျတဲ့ သူများခံစားချက်တွေ။ အမြင်တွေကို အလျင်းသင့်သလို ရေးသွားမယ်၊ ဖော်ပြသွားမယ် စိတ်ကူးတယ်။

ငါနဲ့ ဆန့်ကျင်ဘက် အမြင်တွေကိုလည်း ငါ့ရှုဒေါင့်ကနေ ဝေဖန်ရေးသားသွားဘို့ စိတ်ကူးရှိပါတယ်။ ငါ ဘလော့ဂ်ရေးရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ …ငါ့အမြင်နဲ့ ထပ်တူမကျတဲ့ အမြင်တွေကို ဘလော့ဂ်တွေမှာ၊ အင်တာနက်စာမျက်နှာတွေမှာ ဖတ်ရင်းတွေ့နေရတယ်၊ အပြင်မှာ သွားရင်းလာရင်းလည်း တွေ့နေရတယ်။ ဒီတော့ မတူညီတဲ့ ကိုယ့်အမြင်ကို သူများသိစေချင်ရင် ငါလည်း ဘလော့ဂ်တခုကနေ ရေးခြင်းနဲ့ တုန့်ပြန်နိုင်တယ် ယူဆလို့ဘဲ….(စီဘောက်နဲ့ ကွန်မင့်တွေမှာ ၀င်ရေးရင် ဝေဖန်ချက်ဆို ဖျက်ပစ်တာ ခံရဘူးတယ်။ မယုံမရှိနဲ့ အရပ်ကတို့)။ …..နောက်တခုက ငါ့ဘလော့ဂ်မှာ ငါ့ခံစားချက်တွေ၊ ငါ့အမြင်တွေကို အမြန်ဆုံး အချိန်မဆိုင်း ချက်ချင်း တင်လို့ရတဲ့ အားသာချက်ကိုလည်း တွေ့ရလို့ဘဲ။

သူများဘလော့ဂ်တွေကို သွားဖတ်ရင် စီဘောက်ထဲမှာ ပေါက်ကရရေးထားတာတွေ ဖတ်ရတယ်။ ငါကိုယ်တိုင်လည်း ပျင်းပျင်းနဲ့ စီဘောက်ထဲမှာဘဲ မှတ်ချက်ဝင်ပေးတတ်တယ်။ အရေမရ အဖတ်မရလည်း ရေးတတ်တယ်။ ကောင်းတဲ့ အလေ့အထ တော့ မဟုတ်ဘူးပေါ့။ စီဘောက်တတ်ထားတာဟာ ကိုယ့်ပို့စ်အပေါ်မှာ ထင်မြင်ချက် (comment) ပေးချင်တဲ့လူတွေကို စီဘောက်စ်ထဲမှာဘဲ ရေးအောင် ဖိတ်ခေါ်နေသလိုဘဲ။ ဒီတော့ ငါ့ဘလောဂ့်မှာ စီဘောက်စ် မထားဘူးလို့ စိတ်ကူးတယ်။

ကွန်မင့်တွေကိုတော့ မတည်းမဖြတ်ဘဲထားမယ်။ ငါ့ကို ကြိုက်သလိုဝေဖန်လို့ရ အောင်လို့။ ဆဲဆိုညစ်ညမ်းတာတွေတော့ အားမပေးချင်တဲ့အတွက် ဖျက်မယ်။ ဆဲလုံးက လွဲလို့ ကြိုက်တဲ့ မှတ်ချက် ၀င်ရေးပါ။ ငါ မတည်းဖြတ်ဘူးလို့ ဆုံးဖြတ်ထားပါတယ်။

ကိုပေါ၊
(၂၅ ရက်၊ အောက်တိုဘာလ၊ ၂၀၀၇)
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs