“စက်တင်ဘာလေနှင့်အတူ”

Share |
ပြီးခဲ့သော စက်တင်ဘာလက ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူ အားလုံး ပူးပေါင်းပါဝင်ခဲ့သော လူထုလှုပ်ရှားမှုကြီးကို နအဖ အစိုးရက သူ့ထုံးစံအတိုင်း အကြမ်းဖက် ဖြိုခွဲသည်။ လမ်းမပေါ်မှ လှုပ်ရှားမှုများ အခိုက်အတန့်အားဖြင့် ငြိမ်သက်သွားသည်။

ဤဆန္ဒပြပွဲအပြီး အချို့လည်း စိတ်ဓါတ်တွေ တက်ကြွကြသည်။ အချို့လည်း စိတ်ဓါတ်တွေ ကျဆင်းကြသည်။

“အစကတည်းက သိနေတာဘဲလေ။ လူတွေလမ်းပေါ်ထွက်လာရင် အစိုးရက အကြမ်းဖက် နှိမ်နင်းမယ်။ ဒါဆိုလူတွေ အိမ်ထဲပြန်ဝင်သွားပြီး ငြိမ်သွားမှာဘဲ။ အခြေအနေကတော့ ဒုံရင်း ဒုံရင်းဘဲ။ ရဘို့မလွယ်ပါဘူး”

သည်လိုပြောသံတွေလည်း ညံနေအောင်ကြားရသည်။

သည်အတွေးအခေါ်က အင်မတန်ရိုးစင်းလှပါသည်။ ရုတ်တရက်ကြည့်လျှင် ဟုတ်မယောင်နှင့် တကယ်တော့ အခြေအနေတရပ်လုံးကို မခြုံငုံမစေ့ငုမိသော၊ ထဲထဲဝင်ဝင်မတွေးဘဲ အပေါ်ယံ ရှပ်တွေးသော တွေးခေါ်ပုံမျိုးဖြစ်သည်။

ပထမဦးဆုံးအနေဖြင့် သည်ဆန္ဒပြပွဲဖြစ်ပေါ်လာရခြင်းအကြောင်းရင်းကို သိဘို့လိုသည်။ လောင်စာဆီဈေးနှုန်းတွေ မြှင့်တင်လိုက်၍လော။ မဟုတ်။ ယခင်ကလည်း လောင်စာဆီဈေး အကြိမ်ကြိမ်မြှင့်ခဲ့ဘူးသည်။ ပခုက္ကူမှာ ဘုန်းကြီးတွေကို ရိုက်လိုက်၍လော။ မဟုတ်ပြန်။ ၁၉၉၀ခုနှစ်ကဆိုလျှင် ဘုန်းတော်ကြီးတွေကို ပစ်ခတ်၊ ထောင်ချ။ သည်ထက်ပင် ဆိုးသေးသည်။

တကယ်တော့ ဤအဖြစ်အပျက်များသည် မီးပွားကလေးများသာဖြစ်သည်။ သည့်မတိုင်ခင်ကတည်းက လူထုကြီးတရပ်လုံး ခံစားခဲ့ရသော အထွေထွေကြပ်တည်းမှုများ၊ အစိုးရ၏ ဖိနှိပ်အုပ်ချုပ်မှုများသည်သာ အဓိက လောင်စာစင်စစ်ဖြစ်သည်။ ထိုလောင်စာနှင့် အထက်က မီးပွားကလေးများ ကြုံကြိုက်သွားခြင်း။ ရလာဒ်က စက်တင်ဘာ ပေါက်ကွဲမှုကြီး။

ယခုလောလောဆယ် လမ်းမများပေါ်တွင် ငြိမ်သက်သွားသဖြင့် ပြဿနာများ ပြေလည် သွားပြီဟု ယူဆရတော့မည်လော။ မဟုတ်ချေ။

နအဖသည် ပြီးခဲ့သော လူထုဆန္ဒပြပွဲအတွင်း တောင်းဆိုချက် ၄ ချက်အနက် မည်သည့်အချက်ကိုမျှ ဟုတ်တိပတ်တိ ဖြေရှင်းပေးခြင်းမရှိ။ ယခု စေ့စပ်ဆွေးနွေးပွဲအတွက် လေသံပစ်ထားသော်လည်း ၄င်းတို့ဘက်မှ သဘောရိုးနှင့် ရှေ့ဆက်လိုသော အရိပ် အယောင်ကို မမြင်ရသေး။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား အများအပြားကို လွှတ်မပေးသေးရုံမျှမက၊ နောက်ထပ် ဖမ်းဆီးမှုများကိုပင် ဆက်လက်ပြုလုပ် ဆဲဖြစ်သည်။

သို့သော် ဤဖြစ်ရပ်များကို ကြည့်၍ စိတ်ပျက်ရမည်လော။ မအောင်မြင်တော့ဟု သဘောပိုက်ရတော့ မည်လော။

ကျနော်တို့သည် ဤစက်တင်ဘာတော်လှန်ရေးမှ ရလိုက်သော အကျိုးရလာဒ်များကို ကောင်းကောင်းသိမြင်ခဲ့ လျှင် စိတ်ပျက်စရာမရှိ။ တက်ကြွဘွယ်အတိသာ ရှိချေသည်။ ၄င်းအကျိုးရလာဒ်များမှာ….

(၁) ဒီမိုကရေစီစနစ်ကူးပြောင်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်ရန် အရေးတကြီး လိုအပ်နေသော လူငယ်မျိုးဆက်သစ်တရပ်ကို အောင်မြင်စွာ မွေးဖွားစုစည်းပေးလိုက်နိုင်ခြင်း။

(၂) နအဖ၏ သာသနာ့အရေခြုံ ကွာကျသွားခြင်း။

(၃) ပြည်သူလူထု၏ နိုင်ငံရေးအသိစိတ်နှင့် စိတ်ဓါတ်ရေချိန် မြင့်မားလာခြင်း

(၄) ပြည်ပအင်အားစုများမှ ပြည်တွင်းအင်အားစုများအပေါ် အဓိက အာရုံထား၍ ဆောင်ရွက် လာကြခြင်း
တို့ဖြစ်သည်။

အသက် ၂၅ နှစ်အောက် လူငယ်များသည် ၈၈၈၈ အရေးတော်ပုံအခါက ငယ်ရွယ်နုနယ်သေး၍၊ အချို့မှာ ၈၈ နောက်ပိုင်းမှ ဖွားမြင်သူတိုင်းဖြစ်၍ ၈၈၈၈ အရေးတော်ပုံအကြောင်းကို သေချာစွာ မသိကြ။ အရေးတော်ပုံအတွင်း စစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်ပုံကို စာတွေ့နှင့်သာ ထိတွေ့လာကြရပြီး ယခု စက်တင်ဘာတော်လှန်ရေးတွင်မှ ၄င်းတို့ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရခြင်း ဖြစ်သည်။ ထိုအခါ မတရားမှုကို မနှစ်မြို့သော လူငယ်တို့၏ စရိုက်သဘာဝအတိုင်း ဖိနှိပ်မှုကို တော်လှန်လိုစိတ်အပြည့်အ၀ဖြင့် ဒီမိုကရေစီစနစ်ကူးပြောင်းရေးတွင် အင်တိုက်အားတိုက် ပါဝင်လာကြသည်ကို တွေ့ရသည်။ တဖက်တွင်လည်း နအဖ အနေဖြင့် ၄င်းတို့ အာဏာသိမ်းပြီးချိန်မှစ၍ ဘုရားဒကာ၊ ကျောင်းဒကာ၊ ပစ္စည်းလေးပါဒါယိကာ စသဖြင့် သာသနာ့အရေကို အပေါ်ယံတွင် ခြုံလွှမ်းပြီး ဗုဒ္ဓဘာသာဝင်အများစုဖြစ်သော ပြည်သူလူထုအား နားမျက်စိ လှည့်စားရန် ကြိုးပမ်း အားထုတ်မှုမှာ စက်တင်ဘာလေနှင့်အတူ လွင့်မျောသွားတော့သည်။ နအဖ စစ်အစိုးရ အဖို့ ယခုအချိန်လောက် ပြည်သူလူထုတရပ်လုံး၏ ရွံရှာစက်ဆုပ်ခံရသော အဖြစ်သည် ရှိခဲ့မည်မထင်။

ပြည်သူလူထုသည် စားဝတ်နေရေးကြပ်တည်းမှု သက်သက်အတွက်ကြောင့်သာမဟုတ်။ သူတို့၏ အခြေခံအခွင့်အရေးများအတွက်ပါ စစ်အာဏာရှင်စနစ်ကို တော်လှန်ပစ်ရမည်ဆို သည်ကို ကောင်းကောင်းနားလည်သဘောပေါက်လာကြသည်။ သည့်အတွက်ကြောင့်ပင် စစ်အစိုးရလက်ပါးစေများ၏ ဖိနှိပ်မှုအောက်မှပင် လမ်းမပေါ်သို့ မကြောက်မရွံ့ ထွက်ကာ ဆန္ဒပြသော ပြည်သူများ၊ ၄င်းတို့၏ မကြေနပ်မှုများကို သတင်းဌာနများသို့ ပွင့်ပွင့်လင်းလင်း ပြောလာကြသော ပြည်သူများ တနေ့တခြား များပြားလို့လာပေသည်။ နောင်တချိန် စက်တင်ဘာတော်လှန်ရေးကဲ့သို့ လူထုအုံကြွမှုများ ဖြစ်ပွားလာပါက ပါဝင်ပူးပေါင်းသော လူထုအရေအတွက်သည် ယခုထက်ပင် ပိုမို၍ များပြားလာဦးမည်မှာ အမှန်ပင်ဖြစ်ပေသည်။ တချိန်တွင်မူကား နအဖအနေဖြင့် တားဆီးပိတ်ပင်၍ မရအောင်ပင် များပြားကာ နောက်ဆုံး အစိုးရ တရပ် ပြုတ်ကျသွားသည်အထိပင် တွန်းပို့ပေလိမ့်မည်။

ပြည်တွင်းတွင် ပြည်သူများ၏ နိုင်ငံရေးအသိစိတ်များနိုးကြားနေချိန်တွင် ပြည်ပရောက် မြန်မာအင်အားစုများအနေဖြင့်လည်း ပြည်တွင်းမှ ဒီမိုကရေစီဘက်တော်သားများကို နည်းလမ်းပေါင်းစုံဖြင့် ထောက်ပံ့ရန် ကြိုးပမ်းလာကြသည်ကို တွေ့ရသည်။ အချို့က အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရများကို ချဉ်းကပ်၍ မြန်မာအစိုးရအား ဘေးကြပ်နံကြပ်ဖြစ်အောင် ဆောင်ရွက်လာသည့်နည်းတူ အချို့ကလည်း ပြည်တွင်းရှိ နိုင်ငံရေးအကျဉ်းသားမိသားစုများ၊ နိုင်ငံရေးသမားများ၊ ကျောင်းသားများ၊ ဒီမိုကရေစီအင်အား စုများကို နည်းပေါင်းစုံဖြင့် ကူညီထောက်ပံ့လာသည်ကို အားရစဖွယ်တွေ့ရချေသည်။

ခြုံ၍ပြောရလျှင် စက်တင်ဘာတော်လှန်ရေးသည် မြန်မာပြည် စစ်အာဏာရှင်တော်လှန်ရေး ခရီးစဉ်ကို မြေကြောရှုံ့ပေးလိုက်သည်နှင့် အလားသဏ္ဍာန်တူပေသည်။ ခဏအတွင်းဝယ် မိုင်ပေါင်းများစွာ ခရီးရောက်သွားခြင်းဖြစ်သည်။

တကယ်တမ်းတွင်မူ နအဖ စစ်အစိုးရသည် ၄င်းတို့၏ အမှားကို ၄င်းတို့ ကောင်းကောင်းကြီး သိမြင်ခဲ့ပြီဖြစ်သည်။ သူတို့သည် အာဏာလက်မလွှတ်ရရေး တခုတည်းကို ကြည့်၍ မှားမှန်းသိသိနှင့် မနိုင်သောတိုက်ပွဲကို ခေါင်းမာစွာ ဆက်လက်ဆင်နွှဲနေခြင်းဖြစ်သည်။ ပြည်သူလူထုနှင့် တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီများမှ ၁၉ နှစ်လုံးလုံး သဘောထားကြီးစွာ ဖွင့်ပေးထားသော “စေ့စပ်ညှိနှိုင်းရေး ထွက်ရပ်လမ်း”ကို အသာတကြည် မရွေးချယ်ဘဲ ၄င်းတို့၏ သေတွင်းကို ၄င်းတို့ဘာသာ မိုက်မဲစွာ ဆက်လက်တူးနေခြင်းဖြစ်သည်။ ၄င်းတို့၏ ကျဆုံးခန်းသည် အနှေးနှင့် အမြန်သာကွာသည်။ နအဖ စစ်အစိုးရသည် တနေ့တွင် မသွေမုချ ကျဆုံးရမည်သာဖြစ်သည်။

တခုဘဲ ရှိသည်။ ကျွန်ုပ်တို့ ပြည်သူများဘက်က အချိန်ကြာရှည်သဖြင့် မစောင့်နိုင်တော့ချေ။ သည်စစ်အစိုးရ အမြန်ပြုတ်ကျလေ၊ တိုင်းပြည်ထူထောင်ရေးကို မြန်မြန် လုပ်ဆောင်နိုင်လေ ဖြစ်သည်။ သည်တော့ ကျွန်ုပ်တို့ ပြည်တွင်းပြည်ပမှ မြန်မာများအနေဖြင့် စစ်အစိုးရ အမြန်ဆုံးပြုတ်ကျရေးအတွက် အောက်ပါလုပ်ရပ်တို့ကို စတင်လုပ်ဆောင်သင့်ပေသည်။

(၁) မိမိ၏ ပတ်ဝန်းကျင်ရှိ ဆွေမျိုးသားချင်းများ၊ မိတ်ဆွေများကို မိမိတို့၏ အခြေခံ လူ့အခွင့်အရေးများကို သိရှိလာအောင် ပြောပြပညာပေးခြင်း

(၂) စစ်အာဏာရှင်စနစ်၏ ဆိုးယုတ်ပုံများကို မီးမောင်းထိုးပြခြင်း

(၃) နိုင်ငံရေးအကျဉ်းသားမိသားစုများနှင့် ဒီမိုကရေစီ အင်အားစုများကို ငွေအား၊ လူအား၊ စိတ်ဓါတ်အားတို့ဖြင့် လှိုက်လှဲစွာ အကူအညီပေးခြင်း

(၄) စစ်အာဏာရှင်တို့နှင့် ၄င်းတို့၏အပေါင်းပါများကို ရှောင်ကြဉ်ခြင်း၊ ၄င်းတို့၏ စီးပွားရေး လုပ်ငန်းများကို သပိတ်မှောက်ခြင်း၊ နှောင့်ယှက်ဖျက်ဆီးခြင်း။

စသည့်အခြေခံ လုပ်ငန်းဆောင်တာများကို အမျိုးသားရေးတာဝန်တရပ်အနေဖြင့် မပျက်မကွက် ထမ်းဆောင်ကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ပါသည်။

5 comments:

Anonymous said...

လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ရင်း ဇွဲနဲ့ တိုက်ပွဲဝင်ကြတာပေါ့..

Anonymous said...

ကောင်းတယ် ကိုပေါ ။ ဒီပို့စ်က သိပ်တန်ဖိုးရှိတယ်။ အထူးသဖြင့် အတွေးလွဲမှားသွားကြသူများအတွက် ဒီပို့စ်ကို ဖတ်သင့်ပါပေတယ်.။ သေချာတာတော့ အရေးအခင်းမတိုင်မီကနဲ့ ဖြစ်ပြီးတဲ့ အခြေအနေ လုံးဝကွာခြားပြီး မျိုးဆက်သစ်တွေ ထပ်ပေါ်လာတာပါပဲ။ ကိုပေါပြောသလို ၈လေးလုံးကို မမှီလိုက်တဲ့ လင်းလက်တို့လို လူငယ်တွေအတွက်လည်း ဒါက ကိုယ်တိုင်ကြုံလိုက်ရတဲ့ မခံမရပ်နိုင်လွန်းသော အရေးအခင်းတစ်ခုပါပဲ ။ မိုင်ပေါင်းများစွာကို တခါတည်းရောက်သွားတာပေါ့။

ဘာတွေလုပ်နိုင်သလဲဆိုတာကို လမ်းညွှန်ပေးတဲ့အတွက်လည်း ကျေးဇူးပါ :)

ခင်မင်းဇော် said...

မနေ့က ဖတ်ပြီးကတည်းက ကောမန့်ရေးဖို့ မအားလို့ ကိုပေါရေ...
စက်တင်ဘာတော်လှန်ရေးက ရလိုက်တဲ့ အကျိုးအမြတ်တွေနဲ့အတူ စစ်အုပ်စုနဲ့ အာဏာရှင်ပြုတ်ကျဖို့
ကိုပေါတင်ပြတဲ့ လုပ်ငန်းတွေကို
အမျိုးသားရေးတာဝန်တရပ်အဖြစ် မပျက်မကွက် လုပ်ဆောင်ဖို့ ကျမလည်း အဓိဌာန်ပြုလိုက်ပါတယ်....

ကိုပေါ said...

လာရောက်ဖတ်ရှုပြီး မှတ်ချက်ပေးသွားတဲ့ CL, မလင်းလက် နဲ့ မခင်မင်းဇော်တို့ကို မှတ်ချက်အတွက်ရော တော်လှန်ရေးအပေါ် သစ္စာရှိမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ ကျနော်တို့ဟာ တန်ဘိုးရှိတာကို လိုချင်တဲ့အတွက် တန်ရာတန်ကြေးပေးဆပ်နေရတယ်လို့ သဘောထားပါတယ်။

Kaung Kin Ko said...

ဆောင်းပါး ကောင်းတယ်ဗျာ။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs