မရှက်ဆေးရည်

Share |
ကျနော့်အမေ မကြာခဏ ပြောတတ်တဲ့စကားတခွန်းကို အခုတလော သတိရနေမိတယ်။
တခြားတော့မဟုတ်ပါဘူး။“မရှက်ဆေးရည်”ဆိုတဲ့စကားပေါ့။ ကျနော်တို့ မောင်နှမတတွေ အချင်းချင်းကိုယ်ရည် သွေးနေကြတာတွေကို တစွန်းတစ အမေကြားတဲ့အခါမျိုးမှာ "..ဟဲ့။ မရှက်ဆေးရည်တွေ...."လို့ လှမ်းဟန့်တတ်ပါတယ်။ အဲ... မိတ်ဆွေတို့ နားရှုပ်သွားမလားမသိဘူး။ ကျနော့်အမေက အဲသည်လိုဘဲ၊ စကား ပြောရင် ၀ါကျကို ဆုံးအောင် ပြောတာမဟုတ်ဘူး။ ကျနော်တို့တတွေကတော့ အထာပေါက်နေပြီးသား ဆိုတော့ သူဘာပြောချင်မှန်းချက်ချင်းသိတယ်။ သူဆိုလိုချင်တာက “...နင်တို့ တတွေ၊ မရှက်ဆေးရည်တွေ သောက်ပြီး မရှက်တတ်တော့ဘဲ ကိုယ့်ကိုယ်ကို အမွှမ်းတင်နေကြတယ်”လို့ ပြောချင် တာပါ။ အရှက်ကို မရှိဘူးလို့ ဆိုလိုချင်တာပေါ့ဗျာ။ အလားတူဘဲ...ရွာထဲမှာ တစုံတယောက် ကိုယ့်သိက္ခာကိုယ် မငဲ့ကွက်ဘဲ မဟုတ်မဟတ်လုပ်နေပြီဆိုရင် အမေ့ဆီက “.....သူတို့မို့ မရှက်ဆေးရည်....” ဆိုတဲ့ အဆုံးအစ မရှိတဲ့ စကားမျိုး ကြားရလေ့ရှိပါတယ်။ အဲ...ကိုယ့်မျက်ချေး ကိုယ်မမြင်တဲ့ လူမျိုးဆိုရင်လည်း “သူမို့....မရှက်ဆေးရည်” ဆိုပြီး ဘယ်သူနားလည်လည် မလည်လည် သူ့ဘာသာ အတိုကောက် ပြောတတ်သေးသဗျ။

ဒီကနေ့ ဖတ်လိုက်ရတဲ့ သတင်းလေးတပုဒ်မှာ ပါကစ္စတန်မှာ အရေးပေါ်အခြေအနေ ပြဋ္ဌာန်းလိုက်တာနဲ့ ပတ်သက်လို့ မှတ်ချက်တောင်းတဲ့အခါ “သွားနေတဲ့ ဒီမိုကရေစီ ရေး တိုးတက်မှုဖြစ်စဉ်မှာ နောက်ပြန်ဆွဲတဲ့ ခြေတလှမ်းပါ (A step back from democratic process)” လို့ ပုဂ္ဂိုလ်ကြီးတဦးက ဝေဖန်လိုက်တာ တွေ့ရပါတယ်။

အင်း...သူပြောတာမှာ ဘာတခုမှ အမှားမပါဘူး။ ဘုရားစူး၊ မိုးကြိုးပစ်.. အမှန်တရားမှ ရေမရောတဲ့ အမှန်တရား စစ်စစ်ပါ။ ကျနော်မျိုးကြီး ငြင်းချက်ထုတ်မလို့ရေးနေတာ မဟုတ်ရေးချ မဟုတ်ရပါဘူးကွယ်ရို့။

(ကာတွန်းမောင်လွင်ရဲ့ ဇာတ်ကောင် ငတက်ဖျား လေသံနဲ့ပြောရရင်တော့) သို့သော်လည်း...အဲ...တဲ့ပေါ့လေ။ ပြဿနာတခုရှိလာတာက ပြောတဲ့သူ ဘယ်ဒူလဲလို့ ပြန်ကြည့်ရင် စင်ကာပူအစိုးရအဖွဲ့က နိုင်ငံခြားရေးဝန်ကြီး ဂျော့ဂ်ျယိုး ဖြစ်နေလို့ပါ...အရပ်ကတို့။
အမေ့ကို စင်ကာပူမှာ အတူခေါ်မထားနိုင်တာကို ပထမဦးဆုံးအကြိမ်အဖြစ် စိတ်သက်သာရာ ရမိပါတယ်။ အမေတို့များရှိရင်.......ဂျော့ဂ်ျယိုးနှယ်။ သူမို့ မရှက်ဆေးရည်....လို့ ပြောနေဦးမလား မသိ။ (ကိုကိုဂျော့..တို့။ ဦးဦးလီ..တို့။ ဘဘလီ...တို့ ။..... ဘွာတေးနော်။)

အသေးစိတ် စိတ်ဝင်စားသူများအတွက် အောက်က လင့်ခ်ကို ညွှန်လိုက်ပါရစေ။
ကိုပေါ။ (နိုဝင်ဘာလ ၆ ရက်။ ၂၀၀၇။)

1 comments:

ကလိုစေးထူး said...

ကညောင်ရမ်းခေါ်ရမလား၊ ကိုပေါဆိုတော့လည်း ကိုပေါပေါ့။ ကျနော် လာလာဖတ်နေတာ ဒေါက်တာ သန်းထွန်းရေးဟန်နဲ့ ရေးထားတဲ့ ပို့စ်ကတည်းပါပဲ။ စီဘောက်စ်ကလည်း မရှိတော့ လာဖတ်ပါတယ်ဆိုတာလေးတောင် ဘယ်နားပြောရမှန်း မသိတာနဲ့ ဒီတိုင်း လှည့်လှည့်ပြန်သွားတာ။ လက်စလက်နကိုတော့ မြန်မာတီးရှော့မှာကတည်းက တွေ့ပြီးသားပါပဲ။ အချိန်ရတိုင်း လာဖတ်မယ်ဗျာ။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs